close

သံတွဲမြို့တွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေတဲ့ကြားက သံတွဲမြို့မှာ ရခိုင်ပြည်နယ်နေ့ကို အကြောင်းပြပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို သံတွဲမြို့ပေါ်က ဆရာတော်ဦးတေဇိန္ဒက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ 

သံတွဲမြို့မှာ အခုလို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာနဲ့ပတ်သက်လို့ မြို့ခံတယောက်က  “စစ်အစိုးရရဲ့ သတင်းစာတွေ၊ တီဗွီတွေမှာ ရခိုင်ပြည်နယ်မှာ သာယာအေးချမ်းနေပါတယ်လို့ ဝါဒဖြန့်ဖို့ ဒီလို ပျော်ပွဲရွှင်ပွဲတွေကို တမင်လုပ်ကြတာ။ အဲဒီလူတစုဟာ စစ်ကောင်စီအလိုကျလုပ်ပေးနေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေဆိုတာ အားလုံးသိတယ်။ အခုလည်း စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဓမ္မာရုံဆောက်ပေးထားတာကိုလည်း သူက ဖွင့်ပွဲလုပ်ဦးမယ်” လို့ ပြောပါတယ်။

အခုနှစ် သံတွဲမြို့ရေကြီးခဲ့တုန်းကလည်း အဲဒီဘုန်းကြီးဟာ စစ်သားတွေကိုခေါ်ယူပြီး ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်တာ၊ စစ်သားတွေကို ကျောင်းမှာ စခန်းချခွင့်ပေးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲလမ်းတွေကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရခိုင်ရိုးရာကျင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနဲ့ စတိတ်ရှိုးတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

အေအေက စစ်ရေးတင်းမာနေတယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်း မြို့ပေါ်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ နေ့တိုင်း ကင်းလှည့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ခံ အမျိုးသားတယောက်က “ဘုန်းကြီးက ဘာသာရေး၊ သာသနာရေးထက် လူမှုရေး လုပ်တာများတယ်၊ အခုလို ပျော်ပွဲရွှင်ပွဲတွေ လုပ်တတ်တယ်။ ကိုဗစ်ဖြစ်တုန်းကလည်း ဆေးကုသရေး ကိစ္စတွေ၊ မြို့ဝင်မြို့ထွက်တွေမှာ လူစစ်ဆေးတာတွေ၊ အောက်ဆီဂျင်စက်ရုံဆောက်တာတွေမျိုးမှာ ပိုပြီးတက်ကြွတယ်။ အခုလည်း ရခိုင်ပြည်နယ်နေ့ကို အကြောင်းပြပြီး စစ်ကောင်စီအလိုကျ လုပ်ပေးတဲ့သဘောပဲ။ သံတွဲမြို့ခံတွေက အခုလိုအချိန်မှာ ဒီလိုပွဲမျိုး လုပ်ချင်ကြတာ မဟုတ်ဘူး။ သူတို့လုပ်တဲ့ ပွဲတွေကိုလည်း မြို့သားတွေ အများစုက မသွားကြပါဘူး။ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေတုန်းကလည်း အခု အဲဒီပွဲတွေကိုသွားနေတဲ့သူတွေ မပါခဲ့ကြဘူးလို့ပဲ ပြောရမယ်” လို့ ပြောပါတယ်။

မကြာသေးခင်ကလည်း သံတွဲမြို့နယ် ငပလီကမ်းခြေမှာ စစ်ကောင်စီက ဆောင်းဦးပွဲတော်ကို ကျင်းပခဲ့ပြီး လာရောက်လည်ပတ်တဲ့သူ နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ရခိုင်တိုင်းကနေ ပြည်နယ်လို့ သတ်မှတ်ခဲ့တဲ့ ဒီဇင်ဘာ ၁၅ ကို အစွဲပြုလို့ ပြုလုပ်လာခဲ့ကြတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွေကို စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲမြို့နယ် ကျိန်တလီမြို့တို့မှာလည်း ပြုလုပ်နေပါတယ်။

ဓာတ်ပုံ- Tay Zein Da/ Myo Minn Aung

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up