တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှု တရုတ်အစိုးရ ပြစ်တင်ရှုတ်ချ

တရုတ်ကုမ္ပဏီတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က ဒီဇင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို အကြောင်းပြပြီး အမေရိကန် ဘဏ္ဍာရေးဌာနက တရုတ်ကုမ္ပဏီ SenseTime နဲ့ တရုတ်အရာရှိတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့ အပေါ် တရုတ်ဘက်က တုံ့ပြန် ပြောဆိုလိုက်တာပါ။
တရုတ်နိုင်ငံအနောက်စွန်းက ရှင်းကျန်းပြည်နယ်နဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ အရင်းအနှီး စိုက်ထုတ်ပြီး တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ ကြိုးစားမှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး နာမည်တွေကို သုံးပြီး အာဏာနိုင်ငံရေးနဲ့ ကြီးစိုးလွှမ်းမိုးမှုကို ပိုင်ဆိုင်ဖို့ လုပ်နေတာလို့လည်း တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
“ဒီလုပ်ရပ်ဟာ တရုတ်ရဲ့ ပြည်တွင်းရေးကို ဆိုးဆိုးရွားရွား စွက်ဖက်တာ ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံ စံကျင့်ဝတ်တွေကို နက်နက်ရှိုင်းရှိုင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကို အပြင်းအထန် ထိခိုက်စေတယ်။ တရုတ်ဟာ ဒီလုပ်ရပ်ကို ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်”လို့ ဝမ်ဝင်ဘင်က ပြောပါတယ်။
ရှင်းကျန်းပြည်နယ်ထဲက ဝိဂါမွတ်ဆလင်လူမျိုးတွေအပေါ် တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တရုတ်ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီးချမှတ်လိုက်တာဖြစ်ပါတယ်။