တရုတ်က ပြန်ပြုပြင်ထားသည့် သုဝဏ္ဏအမျိုးသားအားကစားကွင်းကို လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ သုဝဏ္ဏ အမျိုးသား မိုးလုံလေလုံ အားကစားကွင်း(၁) ကို ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက သုဝဏ္ဏကွင်း ပြန်လည်မွမ်းမံပြင်ဆင်ခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ အားကစား အဆောက်အအုံတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai ကနေ အခမ်းအနားနဲ့ အာဏာသိမ်းစစ်ကောင်စီကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားရုံကို ၁၉၈၀ ခုနှစ်တွေအတွင်းက တရုတ်အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး မြန်မာအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့တဲ့ ပရောဂျက်တစ်ခု ဖြစ်တယ်လို့လည်း တရုတ်သံအမတ်ကြီးက ပြောဆိုပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်နဲ့မြန်မာကြား အားကစား ပူးပေါင်းဆောင်ရွက်မှုကို အလွန် အရေးထားကြောင်းနဲ့ နည်းပြများစေလွှတ်တာ၊ တရုတ်နိုင်ငံကို အားကစားသမားတွေကို ဖိတ်ခေါ်တာ၊ လေ့ကျင့်ရေးအထောက်အကူပြု ကိရိယာတွေ ပံ့ပိုးပေးတာနဲ့ ဆက်လက် ပံ့ပိုးကူညီခဲ့တယ်လို့ Chen က ပြောပါတယ်။
လူ ၁၀,၈၂၅ ဦး ဆံ့တဲ့ အားကစားကွင်းမှာ ပြည်တွင်းနဲ့နိုင်ငံတကာ အားကစား ပြိုင်ပွဲများစွာကို လက်ခံကျင်းပခဲ့ပြီး အမျိုးသားအားကစား ချန်ပီယံတွေကို မွေးထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီခန့် အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မင်းသိန်းဇံက ပြောပါတယ်။