close

ဝမ်တိန်-ကျင်စန်းကျော့ ခေါက်တိုကားငှားခ သိန်း ၁၀၀ ကျော်ကုန်ကျ၍ လုပ်ငန်းရှင်များအခက်ကြုံ

တရုတ်ဘက် ဝမ်တိန်ကနေ မြန်မာဘက် ကျင်စန်းကျော့အထိ နယ်စပ်အကူး တရုတ်ကား ခေါက်တိုငှားခ တခေါက်ကို မြန်မာငွေ သိန်း ၁၀၀ ကျော် ကုန်ကျနေရတာကြောင့် ကုမ္ပဏီကြီး မဟုတ်တဲ့ သာမန် မြန်မာလုပ်ငန်းရှင်တွေ ခက်ခဲနေကြတယ်လို့ သိပါရတယ်။

"ဒီဇင်ဘာ ၁၄ ရက်နေ့ update တရုတ်ခေါက်တိုကားခ ယွမ် ၄၀,၀၀၀ ဖြစ်သွားပါပြီ။ ကာလ ပေါက်ဈေးနဲ့ မြန်မာငွေ သိန်း ၁၀၀ ကျော်ပါ။ ခြံစည်းရိုး ကျော်ရုံ ဟိုဘက်ဒီဘက် ဝမ်တိန်-ကျင်စန်းကျော့ထိ။ မြန်မာကားခကို ၁ သိန်းပိုတောင်းတယ်" လို့ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။

အဓိက လေလံအောင်တဲ့ ကုမ္ပဏီမှာ  ခေါက်တိုကဲ့ကား လုံလုံလောက်လောက် မရှိတာကြောင့် ခက်ခဲနေကြတာလို့ ခေါက်တို ယာဉ်မောင်းနဲ့  နီးစပ်သူတဦးက ပြောပါတယ်။

"သူငယ်ချင်းရဲ့ တွဲကား ၂ စီးက ခေါက်တိုတိုက်နေတာ။ Box အခွံမရလို့ ရက်ကြာပြီး တိုင်ပတ်နေတယ်။ Box အခွံ ထုတ်ပေးရင် မဆိုးဘူး။ ကုမ္ပဏီက တမင်ညစ်နေတာ။ Box ၅ လုံးထဲထုတ်ပေးတာ။" 

‌ခေါက်တိုခဈေး အဆမတန်မြင့်မားနေတာကြောင့် ကုန်သည်နဲ့ ပြည်သူလူထုပဲ နစ်နာကုန်တာ လို့ ဆိုပါတယ်။

"စပေါ်ငွေယူပြီး အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တာ။ စပေါ်ငွေ တရုတ်ငွေ ယွမ် ၄၀၀၀၀ လေ။ ကုန်သည်တွေ သေပြီပေါ့ဗျာ။ မန္တလေး ကနေ ဖရဲတင်လာတဲ့ကား တရုတ်ထဲအရောက် သိန်း ၁၀၀ မရဘူး။ ကုန်သည် အဆင်ပြေမှ ကားသမား အဆင်ပြေမှာလေ။"

ဒါ့အပြင် ကင်စန်းကျော့ (လွယ်အင်) ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ ၁၄ သိန်း ဝန်းကျင်ခန့် ကုန်ကျစရိတ် ရှိသေးတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနတွေနဲ့ လုပ်ငန်းရှင်တွေ လျှော့ပေးဖို့ ခေါက်တို ယွမ် ၃၅,၀၀၀ နဲ့ ဈေးနှုန်းဆွေးနွေးညှိနှိုင်းခဲ့တာ ရှိပေမယ့် ဒီဇင်ဘာ ၁၄ ရက်မှာတော့ နဂို ဈေးအတိုင်း ပြန်ဖြစ်သွားတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up