close

ကနီမြို့နယ်က နေအိမ်၊ ဈေးဆိုင်နှင့် ဆိုင်ကယ်များကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် လာပို့ကျေးရွာ မုံရွာ-ယာကြီး-ကလေးဝကားလမ်းဘေးက လူနေအိမ်ဈေးဆိုင်တွေနဲ့ ဆိုင်ကယ်တွေကို  ဒီဇင်ဘာ ၁၂ ရက်မှာ စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လာပို့ကျေးရွာအတွင်း ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်ဝင်ရောက်တပ်စွဲပြီး မီးရှို့ခဲ့တာလို့ ဆယ်ရွာချောင်ဒေသ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။

“ဒီကောင်တွေ လူစိတ်မရှိတော့ဘူးဗျာ။ ဘာမှမလုပ်တဲ့အရပ်သားတွေ အိမ်တွေ၊ ဆိုင်ကယ်တွေ၊ စပါခင်းတွေ၊ ရိတ်သိမ်းထားတဲ့ စပါးပုံတွေ၊ နွား၊ မြင်းတွေ မီးရှို့တာ‌တွေ လုပ်ဆောင်တာ ဘယ်ကောင်ကမှ မတားနိုင်ကြတော့ဘူးလားဗျာ။ ပြည်သူကိုစောင့်ရှောက်ရမယ်ဆိုတဲ့တပ်က အခုလို အပြစ်မဲ့အရပ်သားတွေရဲ့ ပစ္စည်း‌တွေကို မီးရှို့တာဟာ သူတို့အနိုင်ရမယ်ထင်နေတာလား။ အဲတာကျရှုံးတာဗျ။ သူတို့ကို အရင်က ကျနော်တို့ရွာဘက်မှာ ထောက်ခံသူတွေ အနည်းအကျဉ်းရှိတယ်။ ဒီလုပ်ရပ်ကို မြင်လည်းမြင်လိုက်ရော NUG အစိုးရဘက် အကုန်ထောက်ခံကုန်ပြီ။”

စစ်ကောင်စီတပ်က နေအိမ်ဈေးဆိုင် ၁၀ လုံး၊ တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး ၁ ခင်း၊ ကောက်ဆန်ပုံ ၁၀ ပုံတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သလို နွားတစ်ကောင်ကိုလည်း သတ်ဖြတ်စားသောက်ပြီး မြင်းတစ်ကောင်ကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသမှ ဒီဇင်ဘာ ၁၄ ရက်​ ကလည်း စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ လူ​နေအိမ်တွေကို မီးရှို့ပြီး အသက် ၄၅၊ ၅၀ ကျော်အရွယ် လင်မယားနှစ်ယောက်နဲ့ အိမ်​မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသားဟာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း ပြုပြင်ရေးလုပ်နေတဲ့ ရှိုင်းဟုတ်ကုမ္ပဏီဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up