close

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်ပေါ်မှ ဝါဒဖြန့်စာရွက်များ ကြဲချ

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်ကနေ ဝါဒဖြန့်စာတွေ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီလောက် လိုက်လံကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကနေ ဝါဒဖြန့်လက်ကမ်းစာစောင်တွေ လေယာဉ်ပေါ်ကနေဖြန့်ဝေတာဟာ ဒီအကြိမ်နဲဆိုရင် နှစ်ကြိမ်ရှိနေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ အခုလို ဝါဒဖြန်လက်ကမ်းစာစောင်တွေ ဖြန်ဝေခဲ့ပါတယ်။

*ဒီကောင်တွေ ကျနော်တို့ နယ်တွေကို ပထမ အင်တာနက်ဖြတ်တယ်၊ နောက်ပြီး စစ်ကြောင်းထိုးတဲ့ စစ်သားတွေက စလောင်းတွေ အကုန်ရိုက်ဖျက်ဆီးတယ်။ အဲလိုလုပ်တာက ဒေသခံတွေကို သတင်းအမှောင်ချတာပဲ။ အခုလည်း ပြည်သူတွေ သတင်းအချက်လက်တွေမရှိတဲ့အချိန် အခုလိုဝါဒဖြန့်စာရွတ်တွေဝေတာ” လို့ ဒီပဲယင်းဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

ဝါဒဖြန့်စာရွက်တွေထဲမှာ PDF တွေကို ပြည်သူတွေ အထင်အမြင်လွဲအောင် မဟုတ်မမှန် ရေးထားတာတွေ ပါတယ်လို့ ဆိုပါတယ်။

“ရေးထားတာတွေက အားလုံးပြောင်းပြန်တွေပဲ။ ရွာတွေကိုမီးရှို့တာ၊ ကျောင်းတွေကို PDF က ဗုံးခွဲပါတယ်ဆိုပြီး ပြည်သူကို ဝါဒဖြန့်တာဗျ။ မြေပြင်အမှန်က သူတို့ကလုပ်နေတာ။ လူငယ်တွေကို ဖမ်းပြီး PDF ခေါင်းစဉ်တပ် ရက်ရက်စက်စက် ပစ်သတ်ခဲ့တာက သူတို့စစ်ကောင်စီဗျ။ ဒါတွေအကုန်လုံး စစ်ကိုင်းတိုင်းက မြို့နယ်အားလုံးကပြည်သူတွေ အဖြစ်မှန်ကိုသိကြတယ်။ ဘယ်သူလုပ်တယ်မလုပ်ဘူးဆိုတာ။ အခုလို ဝါဒဖြန့်လုပ်ငန်းတွေ စစ်ကောင်စီလုပ်နေတာ အပိုလုပ်ငန်းတွေပါ။” 

စစ်ကောင်စီတပ်က ဝါဒဖြန့်စာရွက်တွေကို စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်မြို့၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းမြို့တွေမှာ လေယာဉ်သုံးကြဲချတာတွေ လုပ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ကတော့ အခုလိုစစ်ကောင်စီ ဝါဒဖြန့်စာရွတ်တွေ ဖြန့်ဝေကြဲချတာတွေလုပ်ဆောင်ပြီး စာထဲမှာ ခြိမ်းခြောက်စာတွေပါ ပါရှိနေပေမဲ့ ဒေသခံပြည်သူတွေအနေနဲ့ အာဏာရှင်တော်လှန်ရေးကို ပြီးဆုံးအောင် တိုက်သွားကြမယ်လို့ ပြောဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up