ကျူပီအာနှင့်ပွဲ အနိုင်ဂိုးက အမှတ်ရဆုံးဂိုးဖြစ်ကြောင်း အဂွဲရိုး ပြော

မန်စီးတီးအသင်းကို ပထမဆုံးပရီးမီးယာလိဂ်ချန်ပီယံဖြစ်စေခဲ့တဲ့ ကျူပီအာနဲ့ပွဲကအနိုင်ဂိုးက ကစားသမားဘဝတစ်လျှောက် အမှတ်တရအရှိဆုံးဂိုးဖြစ်တယ်လို့ အဂွဲရိုးကပြောပါတယ်။
အဂွဲရိုးဟာ ဘာစီလိုနာ အိမ်ကွင်း နူးကမ့်ကွင်းထဲက စင်မြင့်ပေါ်မှာ နှလုံးပြဿနာကြောင့် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာပြီးနောက် ကစားသမားဘဝအမှတ်တရအဖြစ်ဆုံး ဂိုးအကြောင်းကို ထည့်သွင်းပြောသွားခဲ့တာပါ။
အသက် ၁၆ နှစ်အရွယ်က ရေးဆင်းဘက်ကို သွင်းခဲ့တဲ့ ဂိုးအပါအဝင် ဖူဟမ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်သလက်တီကိုအတွက် သွင်းခဲ့တဲ့ဂိုးတွေထက် မန်စီးတီးကို ချန်ပီယံဖြစ်စေခဲတဲ့ ကျူပီအာနဲ့ပွဲက အနိုင်ဂိုးက အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ အဂွဲရိုးက ပြောပါတယ်။
“ကျူပီအာနဲ့ပွဲတုန်းက ဂိုးကို ဘာလို့ ရွေးချယ်ရသလဲဆိုရင် ကျနော့်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုဖြစ်သလို စီးတီးအတွက်လည်း ပထမဆုံးချန်ပီယံဖြစ်ခဲ့တာတွေကြောင့် ပါ” လို့ အဂွဲရိုးကပြောပါတယ်။
၂၀၁၂ ခုနှစ် မေလ ၁၃ ရက်က ကစားခဲ့တဲ့အဲဒီပွဲစဉ်မှာ မန်စီးတီးက ၉၁ မိနစ်အထိ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်နေပေမယ့် ၉၂ မိနစ်မှာ ဒီဇီကို၊ ၉၄ မိနစ်မှာ အဂွဲရိုးက အနိုင်ဂိုးသွင်းပြီး မန်ယူထက် ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံဆုဖလားရယူသွားခဲ့တာဖြစ်ပါတယ်။