ကျိန်စာသင့်စစ်တပ်နဲ့ အမြစ်ပြတ်မယ့် အခွင့်ထူးခံစနစ်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ သတင်းမှာ ကောလင်းမြို့နယ် ကြို့ပင်အုပ်စု၊ အုတ်တိုက်ကုန်း ကျေးရွာကို နှောင့်ယှက်ဖျက်ဆီးပြီး ပြန်အလာ ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့ အကူးတာဝါတိုင်အနီးအရောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကျွဲတစ်ကောင်က ဝင်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး အူပွင့်ပြီး ဒီဇင်ဘာလ ၈ ရက်က သေဆုံးသွားတဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်။
နောက်တခါ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နိုင်ငံတဝန်းလုံးက ပြည်သူတွေ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော်လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်မှာ မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီးဟာ ဖြစ်တောင့်ဖြစ်ခဲ ချိန်းဆိုထားသလို အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီးနောက်တော့ တချို့ သေဆုံးခဲ့တဲ့ သတင်းကို ဖတ်ရှုခဲ့ရပြန်ပါတယ်။
နောက်ထပ် သတင်းတပုဒ်ကတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ သတင်းတွေထဲမှလည်း မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွှဲရာမှာ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ၁ လတာ ကာလအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်က သေဆုံးသူ ၂၁၁၇ ယောက်နဲ့ ထိခိုက်သူ ၆၈၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်သတင်းကို ဖတ်ရှုခဲ့ရပါတယ်။
တိုက်ဆိုင်မှုပဲပြောပြော၊ မတော်တဆဖြစ်တာလို့ ဆိုဆို စစ်အာဏာရှင်သစ္စာခံ တပ်သားတွေ အခုလို ပုံမှန်မဟုတ်ဘဲ မရှုမလှ အသက်ဆုံးပါးကြရတာကို မြန်မာပြည်သူတွေကတော့ လူထုနဲ့ နိုင်ငံ့ရိက္ခာ စားသုံးရင်း လူထုကို ပြန်သတ်နေတဲ့ ကျေးဇူးကန်းတဲ့ စစ်သားတွေ ကျိန်စာစူးပြီး ပြည်သူ့ကျိန်စာသင့်တာလို့ ပြောဆိုခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူအလိုမတူဘဲ လက်နက်အားကိုးပြီး အာဏာလုယူခဲ့တဲ့ စစ်အာဏာရှင် သစ္စာခံတပ်ဟာ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဦးခေါင်းကို ချိန်ပြီး အသေပစ်သတ် နှိမ်နင်းပြီးတဲ့နောက်မှာတော့ ပုဂံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လူဦးရေ ၁ သိန်းကျော်နဲ့ သပိတ်မှောက်ဘုရားမှသည် ထီးလိုမင်းလိုဘုရားဆီကို ချီတက်ပြီး ကျေးဇူးကန်းတဲ့ စစ်တပ်ကို အောက်ပါအတိုင်း ကျိန်စာတိုက် ဆုတောင်းခဲ့ကြပါတယ်။
(၁) လမ်းလွဲနေသော ကျည်ဆန်ပင် ဖြစ်လင့်ကစား အတည့်လာမှန်၏။ မည်သို့ပင် ရှောင်စေကာမူ မလွတ်ကုန်။
(၂) ရန်သူကို မမြင်ရဘဲ ရန်သူ၏အမြင်ကိုသာ ခံရ၏။ ထို့ကြောင့် ရန်သူ၏သုတ်သင် သတ်ဖြတ်ခြင်းကိုသာ ခံရကုန်၏။
(၃) မိမိတပ်ဖွဲ့ဝင်အချင်းချင်းကို ရန်သူဟု့ အထင်မှား အမြင်မှားဖြစ်ကာ ပစ်ခတ်ဗုံးကြဲ သေပွဲဝင်ရာ၏။
(၄) မြေကြီးနင်းလျှင် မိုင်းကွဲ၍ ရေထဲဆင်းလျှင် ငြောင့်ဆူး ကြကုန်၏။
(၅) တိုက်သည့်တိုက်ပွဲတိုင်း ရှုံး၏။ မရှုမလှ ခွေးသေဝက်သေ အသေဆိုးဖြင့်သာ သေဆုံးရ၏။
(၆) သေသောအခါ၌လည်း မိမိ၏အလောင်းကို လမ်းဘေးတွင် လည်းကောင်း၊ မြစ်ချောင်းတို့တွင် လည်းကောင်း၊ အိမ်သာမစင်ကျင်းတို့တွင် လည်းကောင်း၊ ပစ်ချစွန့်ပစ်ခြင်းကိုသာ ခံကြရကုန်၏။
(၇) မိမိအသေဆိုးဖြင့်သေသည့် သတင်းကို အရပ်လေးမျက်နှာမှ လူပုဂ္ဂိုလ်အများ ကြားရသည် ရှိသော် နှစ်ထောင်းအားရဖြစ်ကာ လက်ပန်းဖောက်လျက် ဝမ်းသာရွှင်မြူးကြကုန်၏။ မသနားသည့်အပြင် ဆဲရေးတိုင်းထွာ ကဲ့ရဲ့ခြင်းပင် ပြုကြ၏။
(၈) ဒဏ်ရာရသော် ခြေပြတ် လက်ပြတ်ဖြစ်ကာ သူဖုန်းစားအဖြစ် လှည့်လှည်တောင်းစားရ၏။
(၉) မလုံမခြုံ နေထိုင်ကြရပြီး စိုးရွံထိတ်လန့်မှုသာ အချိန်ပြည့်ခံစားရကုန်၏။
(၁၀) မိမိ၏ မိသားစုဝင်များနှင့် အဆွေအမျိုးတို့သည် အရပ်တကာတွင် ခေါင်းငုံ့ ရှက်ရွံ့စွာဖြင့် ဂုဏ်ငယ်ကြရကုန်၏။
(၁၁) သစ္စာစူးမှုဒဏ်ကြောင့် သေသော် ငရဲ၌ မကျွတ်တမ်း မလွတ်တမ်း ခံစားရကုန်၏။
အဲဒီလို ကျိန်စာတိုက်တာမျိုးကို ပုဂံပြည်သူတွေတင်မကပါဘူး၊ လယ်မြေတွေ အသိမ်းခံရတဲ့ လက်ပံတောင်းတောင်သူ ရွာသူရွာသားတွေနဲ့ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ မတရားအနိုင်ကျင့်ခံရတဲ့ နိုင်ငံသားတိုင်းဟာ အာဏာရှင်ရဲ့ ခါးပိုက်ဆောင်တပ်ဖြစ်သွားတဲ့ စစ်တပ် ဆိုရင် တူးတူးခါးခါး နာကြည်းမုန်းတီးခဲ့တာမို့ ပြည်သူအများစုက တညီတညာတည်း ကျိန်ဆိုနေခဲ့ကြတာပါ။
လက်နက်အားကိုး အာဏာသိမ်းအကြမ်းဖက် စစ်ဓားပြတပ်ဖွဲ့တွေဟာ ပြည်သူ့ရိက္ခာ၊ နိုင်ငံ့ဘဏ္ဍာကို စားသုံးပြီး ပြည်သူကို စော်ကားသတ်ဖြတ်နေကြတာကြောင့် ပြုခဲ့ ကျုးလွန်ခဲ့ကြတဲ့ မကောင်းမှု အကုသိုလ်ကံတွေ အလွန်ကြီးမားလာတာကြောင့် ပုဂံပြည်သူတွေ တိုက်ခဲ့တဲ့ ကျိန်စာသင့်တယ်လို့ပဲ ပြောပြော၊ သူတို့ပြုခဲ့ကြတဲ့ အကုသိုလ် ကံနဲ့ကံ၏အကျိုး ပေးလာတယ်လို့ပဲ ဆိုဆို ကျိန်စာတွေအတိုင်း ထပ်တူခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူအပေါ် ကျေးဇူးကန်းခြင်းရဲ့ ရလဒ် ပြည်သူသစ္စာစူးခြင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေ ရိုက်သွင်းမှိုင်းတိုက်ခဲ့ကြတဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ မှားယွင်းတဲ့ အတွေးအမြင်ခံယူချက်တွေ အဆိပ်သင့်ခဲ့ကြတော့ မိဘပြည်သူတွေရဲ့ ကျေးဇူးကို မသိနိုင်တော့ဘဲ ကြီးမားတဲ့အကုသိုလ်ကံတွေ ကျုးလွန်ပြီး ကံကြီးထိုက်နေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ အာဏာရှင်သစ္စာခံ စစ်ဗိုလ်၊ စစ်သား၊ ရဲသားတွေဟာ မိဘပြည်သူတွေကို ရန်သူလို သဘောထားပြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ကြတဲ့ မဟာအကုသိုလ်ကံကြီးတွေ ကျူးလွန်နေကြတာမို့ မိဘကို ပြစ်မှားစော်ကားသူဆိုတာ လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင်ပင် အောက်ဖော်ပြပါ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့်တတ်ပါတယ်။
၁။ ကြမ်းကြုတ်သော ဝေဒနာခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးရခြင်း
၃။ အနာရောဂါဖြစ်ရခြင်း
၄။ ရူးသွပ်ရခြင်း
၅။ မင်းပြစ်မင်းဒဏ်သင့်ရခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးရခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီးဆုံးရှုံးရခြင်း
၉။ နေအိမ် စသည့်တို့ မီးလောင်ရခြင်း
၁၀။ ငရဲကျရောက်ခြင်းတို့ ဖြစ်ကြပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာစကားပုံမှာ ခွေးရူးကောင်းစား တမွန်းတည့် ဆိုတာ ရှိပါတယ်။
ပြည်တွင်း ပြည်ပ အားလုံးက လက်သင့်မခံတဲ့ အကြမ်းဖက်စစ်အာဏာလုကောင်စီဟာ တဒင်္ဂ ခဏတာသာ ပြည်သူကမပေးတဲ့ ပြည်သူ့အာဏာကို လုယူနိုင်ပေမဲ့ ရေရှည်မထိန်းနိုင်ဘူးဆိုတာ လက်ရှိ နိုင်ငံရေးအခြေအနေအရပ်ရပ်က ညွှန်ပြနေပါပြီ။
ပိုးထိုး လောက်ကိုက်ခံရလို့ ပုပ်သွားတဲ့ သစ်သီးဆိုတာ အပင်ပေါ်မှာ ကြာရှည်မခံပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် အဆိပ်အတောက်ဖြစ်နေတာမို့ ပြည်သူက လက်မခံတော့တဲ့ စစ်အခွင့်ထူးခံစနစ်ဟာ မကြာခင်မှာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အပြီးတိုင် အမြစ်ဖြတ် ရှင်းလင်းဖယ်ရှားခြင်းခံရတော့မှာ ဖြစ်ပါတယ်။
ပုစုခရုပြစ်မှုတွေကစလို့ ပဉ္စာနန္တိယကံကြီးတွေ လူသတ်မှုတွေအထိ ခေတ်အဆက်ဆက်မှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုကုဋေကုဋာနဲ့ မတရားသဖြင့် ရယူထားတဲ့ သူတို့ရဲ့ စည်းစိမ်ဥစ္စာအာဏာနဲ့ ဘဝတွေက ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်အာဏာကို ပြည်သူ အလိုမတူဘဲ ရာသက်ပန် သိမ်းပိုက်ထားဖို့ ရည်ရွယ်ချက်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အရှက်မရှိ၊ အထောက်အထား မရှိဘဲ မဲလိမ်တာဆိုပြီး အကြောင်းပြလို့ အာဏာလုခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။
အဲဒီလို သမိုင်းကြောင်းမကောင်းတဲ့ အဖွဲ့အစည်း၊ လူသားမျိုးနွယ်အပေါ် လူမဆန်တဲ့ ရာဇဝတ်မှုတွေ အထပ်ထပ်ကျုးလွန်နေတဲ့ စစ်ဓားပြဂိုဏ်းမှာ သီလယုတ်ညံ့တဲ့ ခေါင်းဆောင်တွေကို အလုပ်အကျွေး ပြုနေရတာလောက် လူဖြစ်ရှုံးတာ မရှိသလို၊ စစ်အခွင့်ထူးခံတသိုက်နဲ့ နောက်လိုက်တွေဟာ လိပ်ပြာလည်း မသန့်၊ စိတ်ဓာတ်လည်းညံ့၊ သီလက ညစ်၊ သမ္မာအာဇီဝလည်း မဖြစ်လေတော့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူတွေရဲ့ အမှည့်ခြွေ ခြွေတာ ခံကြရပြီး ပိုးဖလံမျိုး မီးကိုတိုး ဆိုသလို ကိုယ့်အန္တရာယ်ကိုယ် မမြင်ကြတဲ့ ဖက်ဆစ်စစ်တပ်ထဲမှာ ဆက်အမှုထမ်းဆဲ၊ စစ်ဗိုလ် စစ်သားတွေ ရဲသားတွေဟာ တတိတိနဲ့ လုံးပါးပါးပြီး ကျိန်စာသင့် ဇာတ်သိမ်းရစ်ဖို့သာ ရှိပါတော့ကြောင်း။
မင်းကောင်းချစ်