စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေစကြိုမြို့နယ် ဒေသခံများ တိမ်းရှောင်နေရ

မကွေးတိုင်း ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ထန်းဆယ်ပင်နဲ့ ထန်းချောင်းကျေးရွာကြားမှာ ၂၅၈ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၉ နာရီကျော် အချိန်လောက် ၂၅၈ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေစကြိုမြို့နယ် ဖူလုံကျေးရွာမှာရှိတဲ့ ထန်းဆယ်ပင်အုပ်စု ထန်းချောင်းကျေးရွာတောင်ဘက်မှာ ကျရောက်ပေါက်ကွဲသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
“ညကြီး ၉ နာရီကျော်လောက်ပဲ လက်နက်ကြီးကျတာ၊ အသံကတော့ တော်တော်ကျယ်တယ် အုန်းကနဲ အင်းခနဲ နေတာပဲ။ ပေါက်ကွဲတဲ့ အနီးနားက လူတွေကတော့ ထွက်ပြေးကြတယ်။ ဖောကားတစ်စီးနဲ့ အပြည့်ပဲ မြေဖြူမုံညှင်းကို ဖြတ်ပြီး မြောက်ဘက်ကို တက်သွားတာတွေ့ လိုက်တယ်။ ည ၁၁ နာရီလောက်မှာ ထပ်ကြားရတယ်။ ရွာကလူတွေလည်း တချို့ကြောက်ကြတဲ့သူတွေ အချိန်မတော်ကြီး ထွက်ပြေးကြရတယ်” လို့ ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့နယ် စစ်ကောင်စီခန့် ပေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ဖွဲ့ကို ထန်းဆယ်ပင်ကျေးရွာနဲ့ထန်းချောင်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေ တယ်ဆိုတဲ့ သတင်းပေးမှုကြောင့် ပစ်ခတ်နေတာလို့ သိရပါတယ်။
ရေစကြိုမြို့နယ် မြောက်လက်ဒေသတွေမှာလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင် လောက်က ပေါက်ကွဲသံ ၄ ခု ကြားရတယ်လို့ သိရပါတယ်။