close

ရခိုင်ပြည်နယ်တွင် စစ်တပ်က လက်နက်ငယ် စမ်းသပ်ပစ်ခတ်နေသဖြင့် ဒေသခံများ စိုးရိမ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ငယ်တွေ စတင်လေ့ကျင့်ပစ်ခတ်နေတဲ့အတွက် တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ 

နှစ်ဖက်တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တဲ့ အနေအထားကို ရောက်ရှိနေတာကြောင့် စစ်ရေးသတိကြီးစွာနဲ့ အထူးသတိထားစောင့်ကြည့်နေပြီး ပြည်သူတွေလည်း  စစ်ရေးသတိရှိကြဖို့ ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ သတိပေးချက်ထွက်ပေါ်လာပြီးနောက် အခုလို စစ်ကောင်စီတပ်တွေက လက်နက်ငယ်စမ်းသပ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။

"ဒီနေ့မနက် ၈ နာရီကစပြီး ပစ်ခတ်သံတွေကြားနေရတယ်။ ရွာနဲ့တော့ ဝေးတယ်။ နီးတဲ့ရွာတွေကတော့ စိုးရိမ်နေကြတယ်"လို့ ညောင်ပင်လှကျေးရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကျောက်တော်မြို့နယ်၊ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ  လက်နက်ငယ်လေ့ကျင့်ပစ်ခတ်မယ့်အကြောင်း  နီးစပ်ရာကျေးရွာ ၁၃ ရွာမှ  ကျေးရွာအုပ်စုတာဝန်ခံတွေကို အသိပေးအကြောင်းကြားထားတယ်လို့လည်း သိရှိရပါတယ်။

လမ်းမတော်ကျေးရွာအုပ်တာဝန်ခံက  "ဒီနေ့မနက် ၈ နာရီကတည်းက လက်နက်ငယ်တွေ စမ်းသတ်ပစ်ခတ်နေကြတယ်။ ကျနော်တို့ ကျေးရွာအုပ်စုက ရွာသူရွာသားတွေကိုတော့ ဒီနေ့နဲ့ မနက်ဖြန် တောတောင်တွေကို မသွားဖို့ အကြောင်းကြား အသိပေထားတယ်။"လို့ ပြော ပါတယ်။

စစ်ကောင်စီတပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေရပ်ထားတဲ့ကာလဖြစ်ပေမဲ့ လက်နက်တွေ အခုလို လေ့ကျင့်ပစ်ခတ်တာကြောင့်  ဒေသခံရွာသူရွာသားတွေ  စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

စမ်းသပ်ပစ်ခတ်မှုတွေလုပ်နေတဲ့ ခေါင်းတုတ်​ကျေးရွာမှ ဒေသခံတစ်ဦးက" ကျနော်တို့ ကျေးရွာနဲ့ဆို အနီးဆုံးပါ။ နှစ်ဖက်တပ်အချင်းချင်း နားလည်မှုယုံကြည်မှုရထားကြတယ်ဆိုပေမယ့် အခုလို လက်နက်တွေ စမ်းသပ်ပစ်ခတ်တယ် ဆိုပေမယ့် နှစ်ဖက်ပြန်ပြီးတိုက်ပွဲဖြစ်ကြမလားဆိုတာ ရွာသူရွားသားတွေက စိုးရိမ်ကြတာတော့ရှိတယ်။"လို့ပြောပါတယ်။

လက်နက်ငယ်တွေ စမ်းသတ်ပစ်ခတ်မယ့် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အနီးတစ်ဝိုက်ရှိကျေးရွာ ၁၃ ရွာမှာ ပြီးခဲ့တဲ့ တိုက်ပွဲကာလအတွင်းနေရပ်စွန့်ခွာရတာ မရှိခဲ့တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

အဲ့ဒီကျေးရွာတွေကတော့ ညောင်ပင်လှ၊ လမ်းမတော်၊ ခေါင်းတုတ်၊ နဂရ၊ ရုပ်သား၊ စံကားတောင်၊ ဝကင်း၊ ဝင်စု၊ နိဒင်း၊ပီစိပိုက်သည်(ရခိုင်)၊ ပီစိပိုက်သည်(မွတ်ဆလင်)၊ မြင်းကြပ်၊ ပီထု ကျေးရွာတို့ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း တိုက်ပွဲဝင်ရန်အသင့်ရှိစေဖို့ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနဲ့ မေယုကျွန်းစခန်းတို့မှာ အမြောက်လက်နက်တွေ လေ့ကျင့်ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင်  သြဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်ကောင်စီရေတပ်က ရခိုင်ပင်လယ်ပြင်မှာ ၃ ရက် ကြာ လက်နက်ကြီး ပစ်ခတ်စမ်းသပ် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up