close

ပြည်မြို့ ညဈေးတန်းကို ကမ်းနားလမ်းသို့ ရွှေ့ပြောင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ အရင်က နှစ်ပေါင်းများစွာကြာအောင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာ တည်ရှိလာခဲ့တဲ့ ညဈေးကို ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး ပြည်ကမ်းနားလမ်း၊ ဆင်ဆုရပ်ကွက်ဘက်ကို ရွှေ့ပြောင်းလိုက်ပါတယ်။

အဲဒီလို ရွှေ့လိုက်ရတာက မြို့လယ်ကောင်လမ်းဆုံ ယာဉ်ကြောကျပ်တာ သက်သာစေဖို့၊ ဌာနဆိုင်ရာ ရုံးရှေ့မျက်နှာစာတွေ ရှင်းလင်းစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာလို့ ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို ညဈေးကို ကမ်းနားမှာ ပြောင်းရွှေ့လိုက်တဲ့ အတွက် အမြဲတမ်း ဈေးပွဲတော်တခုပုံစံဖြစ်ပြီး ရှုခင်းကြည့်ရင်း၊ အပန်းဖြေရင်း စားနိုင်သောက်နိုင်အောင် စီစဥ်ထားတာလို့ ဆိုပါတယ်။

အဲဒီကမ်းနားလမ်းကို တနေကုန်ဖွင့်ထားပြီး  ညနေ ၄ နာရီကနေ ည ၉ နာရီအထိ လမ်းပိတ်ထားကာ ညဈေးခင်းမှာဖြစ်ပြီး ကားနဲ့ ဆိုင်ကယ်တွေအတွက် ရပ်နားစခန်းတခု ပြုလုပ်ပေးထားပါတယ်။

အခွန်အခအနေနဲ့ ထပ်မံကောက်ခံခြင်းမရှိဘဲ အရင် ညဈေးဟောင်းမှာ ပေးဆောင်ရတဲ့ ဈေးကောက်ပဲ ပေးရမှာဖြစ်ကာ အမိုးမရှိတဲ့သူတွေအတွက်သာ အမိုးငှားခ ပေးရမှာဖြစ်ပါတယ်။ သစ်သီးတန်း၊ အစားအသောက်တန်းကို ခွဲပေးထားပြီး အကြော်ဆိုင်တွေကိုတော့ လမ်းအောက်ဘက် မြေဖို့ထားတဲ့နေရာမှာ စီစဥ်ထားတယ်လို့ သိရပါတယ်၊

အရင်နှစ်ပေါင်းများစွာကတည်းက ရောင်းချလာတဲ့ သစ်သီးဆိုင်တချို့ကတော့ ပြောင်းချင်တဲ့ဆန္ဒ မရှိပေမဲ့ ဘူဒိုဇာနဲ့ အထိုးခံရမှာကြောက်လို့ ရွှေ့ပြောင်းပေးလိုက်ရတာလို့ သိရပါတယ်။ နေရာသစ်က ကောင်းတယ်ဆိုပေမဲ့ ဆိုင်ကို အကုန်အသစ်ပြန်လုပ်ရမှာ၊ ရွှေ့ပြောင်းရမှာတွေကတော့ အဆင်မပြေဘူးလို့  ဈေးသည်တွေက ပြောပါတယ်။

ပြည်မြို့ခံ စားသုံးသူတယောက်ကတော့ “လက်ရှိ စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် သူတို့ လုပ်တဲ့ ဘယ်အရာကိုမှ အားမပေးနိုင်ဘူး၊ သဘောမတူဘူး ဒါကြောင့် လုံး၀ အဲဒီနေရာကို သွားဖို့ မလိုဘူး”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အခု ညဈေးနေရာရွှေ့ပေးလိုက်တာနဲ့ အသစ်လာထွက်သူ စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ကမ်းနားလမ်းကိုလည်း ကျောက်စီနံရံပြုလုပ်ထားကာ အဲဒီအထဲမှာ အရင်ကနေထိုင်ကြတဲ့ ကျူးကျော်တွေကိုလည်း နေရာတခုမှာ မြေနေရာပေးပြီး ရွှေ့ပြောင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up