close

ရခိုင်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလှုံဆော်သည့် ထူးခြားဖြစ်စဉ်များကို သတိပြုရန် တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေနိုင်တဲ့ ထူးခြားဖြစ်စဥ်တွေဟာ ဆက်တိုက်ဖြစ်ပွားလာနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ သတိထားဆင်ခြင်ကြဖို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်မှာ ဒီဇင်ဘာ ၉ ရက်မှ ၁၄ ရက်အတွင်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွေလှေ့စက် ၂ လုံး မီးရှို့ခံရတာ၊ မြောက်ဦးမြို့နယ် လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီး စုပုံထားတဲ့စပါးစည်း(ကောက်လှိုင်းစည်း)တွေ မီးရှို့ခံရမှု၊ ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာအနီး ရခိုင်အမျိုးသမီး တယောက်ကို  မွတ်ဆလင်အမျိုးသား ၂ ယောက်က မုဒိန်းပြုကျင့်ရန်ကြံစည်မှု၊ ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရမှု၊ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာမှာ လယ်သမား ၃ ယောက် ပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီး စပါးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့မှု စတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်တွေမှာ မွတ်ဆလင်ကျေးရွာတွေနဲ့ နီးကပ်စွာရှိတဲ့ ​လောင်းကြက်ရွာလို ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အပါအဝင် ရခိုင်ကျေးရွာတွေထဲမှာပါ တပြိုင်နက်တည်းရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်ပွားခဲ့တယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ဖြစ်စဥ်တွေရဲ့နောက်မှာ အဖွဲ့အစည်းတစ်ခုခုက မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုနဲ့ နိုင်ငံရေးလှုံဆော်မှုကို နောက်ကွယ်ကကြိုးကိုင်ကာ ပြုလုပ်နေတာကို သံသယဖြစ်စေပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်မှုနဲ့အတူ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်လာမှာကို စိုးရိမ်ဖွယ်ရာဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဖြစ်စဥ်တွေဟာ လတ်တလော တည်ငြိမ်နေတဲ့ ရခိုင်ပြည်ကို လူမျိုးရေးပဋိပက္ခတွေ ဖန်တီးကာ ဒေသတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်လာစေဖို့ တမင်ရည်ရွယ်ကာ  လုပ်ဆောင်နေတဲ့ လုပ်ရပ်၊ မတည်မငြိမ်မှုတွေကို ဖန်တီးလှုံဆော်တဲ့လုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးတဲ့ လုပ်ရပ်အဖြစ်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ရှုမြင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့၊ ရွာတွေမှာရှိတဲ့ လူငယ်တွေအနေနဲ့ လုံခြုံရေး၊ မီးဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့  မိမိတို့ရပ်ရွာတွေ၊ မြို့တွေမှာ လူစိမ်းအဝင်အထွက်တွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေနဲ့လည်း အဆိုပါဖြစ်စဥ်တွေအပေါ်မှာ ပြည်သူတွေနဲ့လက်တွဲကာ သေချာစွာစုံစမ်းပြီး၊ ပြည်သူတွေရဲ့လုံခြုံရေးအတွက် တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up