စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၄၈ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၈ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၁၃၁ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ဦးရှိပြီဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညင်ဒိုင်းကျေးရွာကို စစ်တပ်မှ အင်အား ၅၀ နီးပါးနဲ့ စီးနင်းခဲ့ပြီး ဒေသခံ ကိုထက်မြက်စိုးနဲ့ ကိုအောင်ဖြိုးသူတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးရာ မတွေ့တဲ့အတွက် ကိုထက်မြက်စိုးရဲ့ဖခင် ဦးဟန်ဌေးနဲ့ ကိုအောင်ဖြိုးသူရဲ့ အစ်ကို ကိုဖြိုးသက်ဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ကညင်ဒိုင်းကျေးရွာကို ထပ်မံစီးနင်းခဲ့ပြီး ကိုအောင်ဖြိုးသူရဲ့ ညီအငယ်ဆုံးဖြစ်သူ တက္ကသိုလ်ဝင်တန်းကျောင်းသား အသက် ၁၇ နှစ်အရွယ် ကိုဖိုးကောင်းကင်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇၂ နှစ်အရွယ် ဒေါက်တာဒေါ်သန်းငွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲခံရကာ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီလောက် နေအိမ်မှာ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။