close

စစ်ဘေးရှောင်လူထုကို စောင့်ရှောက် ကူညီပေးနေဟု DKBA ဗိုလ်မှူးဆန်းအောင် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေကြတဲ့ ပြည်သူလူထုတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်လို့  DKBA  ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ 

“ကျနော်တွေ့တာကတော့ လူတွေ ပြေးရလွှားရတာတော့ အသည်းအသန်ပဲ။ တနေရာနဲ့ တနေရာ ပြောင်းရွှေ့ပြေးနေတာပေါ့။ ကျနော်တို့ ပါဝင်ကူညီတာက လူသားချင်းစာနာပြီးတော့ လူ့အခွင့်အရေး ရှုထောင့်ကနေပြီးတော့ ကူညီတာတော့ရှိတာပေါ့။ သူတို့စားနပ်ရိက္ခာတွေ၊ ပြန်ယူစရာတို့ ၊ တကယ်လို့ ကျနော်တို့ သူတို့နားမှာမနေရင် သူတို့ ယူလို့မှ မရတာ။ ”

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ လတ်တလော ပါဝင်တိုက်ခိုက်တာ မရှိသေးဘူးလို့လည်း ပြောပါတယ်။ 

“ကျနော်တို့ စစ်ရေးချုပ် အမိန့်မပေးတော့ တိုက်လို့ခိုက်လို့မရဘူးလေ။ စစ်သားဆိုတော့ ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုရှိတယ်လေ။ ဗိုလ်ချုပ်က အမိန့်ပေးရင်တော့ တမျိုးပေါ့။ ဒီချိန်မှာ ဗိုလ်ချုပ်က ငြိမ်းချမ်းရေးလား၊ အန်စီအေလား ကျနော်တို့လည်း နားမလည်ဘူးလေ။ အဲဒီဟာ နိုင်ငံရေးဝေါဟာရတွေဆိုတော့ ကျနော်တို့လည်း နားမလည်ဘူးလေ”လို့DKBA ဗိုလ်မှူးဆန်းအောင် ပြောပါတယ်။ 

ကိုယ့်လူထုတွေ မထိခိုက်၊ မနစ်နာအောင် သူတို့နားမှာပဲ နေပေး၊ ဝိုင်းရံပေးနေပြီး အရပ်သားတွေ ပြေးရလွှားရတဲ့ အချိန်ကာလမှာ သူတို့နားမှာ သူတို့နဲ့အတူရှိနေကာ ပစ္စည်းယူပေးနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံဘက်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တချို့ကိုလည်း DKBA က ကူညီစောင့်ရှောက်ပေးထားတာ ရှိပါတယ်။ 

ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခွန်မွန်းခွန်းကတော့ လက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟန်အော်ကျေးရွာမှာ လူပေါင်း ၁၇၀၀ ကျော်ကို ရှိနေပြီး သူတို့အတွက် သောက်သုံးရေနဲ့ အစားသောက်အပြင် ခြင်ကာကွယ်နိုင်တဲ့ ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။ 

“အခု လိုအပ်နေတာကတော့ သောက်ရေ၊ ထမင်းထုပ်တွေ နောက် အမှိုက်အိတ်တွေ၊ ခြင်ကာကွယ်ဆေးနဲ့ ကလေး အသုံးအဆောင်ပစ္စည်တွေ လိုအပ်နေပါတယ်။” 

ဒါ့အပြင် ကူညီပေးမယ့်အဖွဲ့တွေကို အဲဒီ စစ်ဘေးရှောင်စခန်းအထိ ပေးမဝင်ဘဲ စစ်ဘေးရှောင်နဲ့ သိပ်မဝေးတဲ့ နေရာတခုမှာ ဂိတ်တွေထားပြီး ပစ္စည်းတွေကို လက်ခံပေးပြီး ပြန်ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကရင်အမျိုးသမီးအစည်းအရုံးကလည်း လက်ရှိမှာတော့ စစ်ဘေးရှောင်အတွက် အဝတ်အထည်နဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။ 

“စစ်ဘေးရှောင်တွေအတွက်က ကလေးတွေအတွက် အဝတ်အထည်၊ အနွေးထည်နဲ့ ကလေးအစား အသောက်အပြင် တခြားလူကြီးတွေအတွက် စားသောက်လို့ရတဲ့ ရိက္ခာခြောက်တွေလည်း လိုအပ်နေတယ်။ ဆန်ကတော့ ကူညီနေသူရှိတဲ့သိပ်ပြီး မလိုအပ်ပေမဲ့ တခြား အစားအသောက် ရိက္ခာတွေ လိုအပ်တယ်။”  

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်း ဖလူးကျေးရွာအုပ်စု ဘက်မှာလည်း တိုက်ပွဲ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်ရေးတိုးမြှင့်လာနေပြီး လုံခြုံရေးတင်းကျပ်တဲ့အပေါ် KNLA နဲ့ PDF အဖွဲ့တို့မှပူးပေါင်းပြီး ကော့ကရိတ်မြို့အရှေ့ဘက် တစ်မိုင်ခန့် အာရှလမ်းမကြီး တံတား တစ်စင်းကို ဖျက်ဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up