မက်ဒါဂက်စ်ကာကမ်းလွန်တွင် ကုန်တင်သင်္ဘော နစ်မြုပ်မှု သေဆုံးသူ ၈၃ ဦးထိရှိလာ

မက်ဒါဂက်စ်ကာသမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ကုန်သင်္ဘောတစီး နစ်မြုပ်အပြီး သေဆုံးသူအရေအတွက်ဟာ ဒီဇင်ဘာ ၂၂ ရက်အထိ ၈၃ ယောက် ရှိလာပြီလို့ သိရပါတယ်။
ရာသီဥတု ဆိုးရွားနေလို့ ပျောက်ဆုံး ခရီးသည် ၅ ယောက်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်လိုက်ရတယ်လို့ အဏ္ဏဝါအေဂျင်စီက ပြောပါတယ်။
ခရီးသည်တင်ဖို့ ခွင့်ပြုမထားတဲ့ သင်္ဘောဟာ ဝန်ပိုတွေ မတန်တဆတင်ထားပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ မနစ်မြုပ်ခင်က သင်္ဘော အင်ဂျင်စက်ခန်း ရေမြုပ်နေခဲ့တယ်လို့ ပင်လယ်နဲ့ မြစ်ဆိပ်ကမ်း အေဂျင်စီ (APMF) ရဲ့ ပင်လယ်ရေကြောင်း လုပ်ငန်းဆိုင်ရာ ညွှန်မှူး မာမီရန်ဒရီယာနာဗိုနီက ပြောပါတယ်။
ရှင်သန်ကျန်ရစ်သူ အယောက် ၅၀ လောက်ကို တွေ့ရပြီး ပျောက်နေသူ ၅ ယောက်ကို ဒီဇင်ဘာ ၂၃ ရက်မှာ ဆက်ရှာဖွေမယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ် ဆာဂီ ဂယ်လီ လိုက်ပါလာတဲ့ ရှာဖွေရေး ရဟတ်ယာဉ်တစီးလည်း ဒီဇင်ဘာ ၂၀ ရက်က ပင်လယ်ထဲ ပျက်ကျခဲ့တာပါ။
ဂယ်လီကိုတော့ ဒီဇင်ဘာ ၂၁ ရက် မနက်မှာ အသက်ရှင်လျက် တွေ့ခဲ့ရပါတယ်။ သူကတော့ လေယာဉ်မှူး ထိုင်ခုံကို အသက်ကယ်ဘောလို လုပ်ပြီး သုံးခဲ့တယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းအတွင်း စစ်သည်တွေရဲ့ စွမ်းဆောင်ချက်ကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ချီးကျူးခဲ့ပါတယ်။