close

မောင်တောတွင် ထွေအုပ်ဝန်ထမ်း ၁ ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘုတ်ဆိတ် ဝင်/ထွက်စခန်းအနီးမှာ ဒီဇင်ဘာ ၂၂ ရက်ညက စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ဝန်ထမ်းတယောက် အသတ်ခံခဲ့ရတယ်လို့ အဲဒီဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ဟုတ်တယ်။ မနက်မိုးလင်းမှ သိရတာ။ ဘုတ်ဆိတ်မှာ  လည်လှီး ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတာ။ သူက ထွေ/အုပ်ဝန်ထမ်း တစ်ဦးပါ။"

အသတ်ခံရသူမှာ မောင်တောမြို့  ရှိတ္တာမှာ နေထိုင်ပြီး  မောင်တောမြို့နယ် မြင်းလွှတ်မြို့ ထွေ/အုပ်မှ ရပ်ကျေးစာရေး ကိုဆန်းဌေးနိုင် (၂၆ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ဒီဇင်ဘာ ၂၂ ရက် ည ၁၂ နာရီလောက်က မောင်တောမြို့ POE ဝင်/ထွက်စခန်း ဘုတ်ဆိပ်အနီးမှာ အသတ်ခံရတာဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ မျက်နှာဖူးရောင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒီဇင်ဘာလ ၂၃ ရက် မနက်မှာ တွေ့ရှိ ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လူသတ်တရားခံကို လိုက်လံရှာဖွေနေတယ်လို့ မောင်တောမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ထင်မြင်ယူဆမိတဲ့ တရားခံကို အခုလိုက်ရှာနေတယ်။ အမှုကတော့ လူသတ်မူပေါ့။ လတ်တလောမှာ အမှုမဖွင့်ရသေးဘူး။ ပုဒ်မတွေ တိုးတပ်လာနိုင်တယ်။" 

မောင်တောမြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက "ဒီလူသတ်မူကိစ္စကတော့ မောင်တောမြို့ အေးချမ်းသာယာနေတာကို တမင်ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖြစ်လာအောင် ဖန်တီးလာနေတဲ့ အနေအထားတခုလို့ သုံးသပ်ချင်တယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up