close

လက်နက်ခဲယမ်းများ လာအပ်ရန် မကွေးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက လိုက်လံကြေညာ

မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ လာရောက်အပ်နှံဖို့ စစ်ကောင်စီက လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။

PDF အဖွဲ့တွေအနေနဲ့ တရားမဝင်လက်နက် ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းတွေအပြင် လက်လုပ်သေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေ အပ်နှံဖို့ ရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ 

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံရေး စစ်ရေးအမြတ်ထုတ်ဖို့ လက်နက်ခဲယမ်း၊ မိုင်းတွေကို ပြည်တွင်းကို နည်းမျိုးစုံနဲ့ တင်သွင်းနေတာကြောင့် အဲဒီလက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံကြဖို့ လိုက်လံကြေညာနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံ့အကြီးကဲတွေကို မတရားဖမ်းဆီးပြီး စစ်တပ်က အာဏာ သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာလို့ PDF တပ်ဖွဲ့ ဝင်တစ်ယောက်က ပြောပါတယ်။

ဘက်လက်နက်မှမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို မတရား ဖမ်းဆီးထောင်ချ သတ်ဖြတ်တဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ ပြည်သူလုထုရဲ့ အသက်အိုအိမ် စည်းစိမ်ကို အကာကွယ်ပေးဖို့ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ဖို့ ကိုင်ဆောင်ထားတာဖြစ်လို့ ဘာလက်နက်မှ အပ်စရာအကြောင်းမရှိဘူး” လို့ ပြောပါတယ်။

ရှေ့ဆက်ပြီး ပြည်သူတွေရှေ့ကနေ ရပ်တည်ကာ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ PDF တပ်ဖွဲ့တွေ ပြောထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ပြည်သူလူတွေအနေနဲ့ လက်နက်၊ ခဲယမ်းနဲ့ မူးယစ်ဆေးတွေ လက်ဝယ်ရောက်ရှိ သိမ်းဆည်းထားရှိပါက ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး နီးစပ်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အပ်နှံကြဖို့  ဒီဇင်ဘာ ၁၉ ရက်နေ့က သတိပေးနှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up