close

နတ်ချောင်းကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။

အောင်ဆုပန်ဘုန်းကြီးကျောင်းအနီး နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ မီးရှို့ခဲ့တာဖြစ်ပြီး ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက နတ်ချောင်းကျေးရွာ အထက်တန်းကျောင်းမျာ တပ်စွဲထားပြီး ဒီဇင်ဘာ ၂၆ရက်နေ့ မနက်ပိုင်းကလည်း ကျေးရွာအတွင်း နေအိမ်တွေကို စီးနင်းဝင်ရောက် ခိုးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့  ညနေ ၆ နာရီလောက်ကလည်း ဗုံးတစ်လုံးကျယ်လောင်စွာပေါက်ကွဲသံကြားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နတ်ချောင်းက လူနေအိမ်တွေကို စစ်ကောင်စီက ဒီနေ့ ထပ်ပြီးမီးရှို့တယ်၊ အိမ်ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိနေတယ်။ လောင်တာက လှမ်းမြင်နေရတာ အရှေ့ကျောင်းနားက အိမ်လောင်တာပါ။ ခုညဆက်ပြီး ရှို့ဦးမှာလားမသိဘူး။ ကျောင်းနားက အပြင်လည်းမထွက်ရဲ အိမ်ထဲမှာလည်း စားစရာပြတ်လပ်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ ကျောင်းထဲမှာ သူတို့ကရှိနေတော့ အပြင်ထွက်တာနဲ့ ပစ်သတ်ခံရမှာ ကြောက်တော့မထွက်ရဲကြတာ၊။ ညနေ ၆ နာရီလောက်က ဗုံးပေါက်တဲ့အသံ အကျယ်ကြီးပဲ  ကြားရတယ်။” 

စစ်ကောင်စီတပ်ဖွဲ့တွေက  ဒီဇင်ဘာ ၂၂ရက်နေ့ မနက် ပိုင်းမှာ နတ်ချောင်းကျေးရွာကို ယာဉ်တန်းနဲ့ ရောက်ရှိလာကြပြီး ကျေးရွာနေပြည်သူ တချို့ကို မတရားဖမ်းဆီးခဲ့တာကြောင့် နတ်မြောင်းကျေးရွာအထွက် တစ်နေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ PDFအဖွဲ့တွေက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်းကျေးရွာအတွင်း နေအိမ်နှစ်လုံးကို မီးရှို့ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေက အချိန်မီငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမွှေနှောက်ပြီးနောက် နတ်ချောင်းကျေးရွာ အထက်တန်းကျောင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက စတင်တပ်စွဲခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက် စတင်ပြီး ကလေး မြို့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်စွဲထားတဲ့စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ကြရာမှာ  ကာကွယ်ရေးတပ်တွေက အားသာနေခဲ့ပြီး နေ့လယ် ၂ နာရီလောက်အရောက်မှာ စစ်ကောင်စီဘက်က တပ်ကူ စစ်ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး လေကြောင်းက တရစပ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၀ ဦးလောက်အထိ သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ အလောင်း ၄ လောင်းကိုသာ ကောက်ယူ မီးသင်္ဂြိုဟ်နိုင်သေးတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာလည်း ကျေးရွာအတွင်းက  လူနေအိမ်တွေထဲက ရွှေငွေတွေကို ခိုးယူခဲ့ကြပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း နေအိမ်တွေကို ဒုတိယအကြိမ် ထပ်မံမီးရှို့ နေတာဖြစ်ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up