ဟူသီအဖွဲ့က ဆော်ဒီကို ၆ နှစ်အတွင်း ဒုံးကျည် ၄၀၀ ကျော်ဖြင့်ပစ်ခတ်ခဲ့

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီလူမျိုးစု လှုပ်ရှားမှုအဖွဲ့က ဆော်ဒီအာရေဗျ နယ်ထဲကို ၂၀၁၅ ခုနှစ်ကတည်းက အခုအချိန်အထိ တာဝေးပစ်ဒုံးကျည်ပေါင်း ၄၃၀ စင်း၊ တိုက်ခိုက်ရေးဒရုမ်း ၈၅၁ ခုနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆော်ဒီအရပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် တာကီအယ်လ်မလ်ကီးမန်းစ် က ပြောပါတယ်။
ဆော်ဒီရဲ့ အိမ်နီးချင်း ယီမင်နိုင်ငံဟာ ၂၀၁၄ ကတည်းက မတည်မငြိမ် ဖြစ်နေပြီး အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ရှိနေတာကြောင့် ဆော်ဒီတပ်တွေနဲ့ ယူအေအီးနိုင်ငံ တပ်တွေက ဝင်ရောက်ထိန်းပေးနေရပါတယ်။
တဖက်မှာ ဟူသီလူမျိုးစုလှုပ်ရှားရေးအဖွဲ့က အီရန်အကူအညီနဲ့ ယီမင်ရဲ့ ဆာနာလေဆိပ်ကို ဝင်သိမ်းထားတာပါ။ အဲဒီလေဆိပ်ကို ခြေကုပ်ယူပြီး ဆော်ဒီကို ဒုံးကျည်တွေနဲ့ လှမ်းပစ်နေတာပါ။
ဒါပေမဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကတော့ ယီမင်ဆိပ်ကမ်းနဲ့ လေဆိပ်ကို ဆော်ဒီတပ်တွေက ဝိုင်းဝန်း ပိတ်ဆို့ထားတာဖြစ်ပြီး ပြန်ဖွင့်ပေးဖို့ ပြောပါတယ်။ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်မှ ဟူသီတွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုတွေ စတင်နိုင်မယ်လို့ ဆိုပါတယ်။
ယီမင်ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းဒေသ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီတို့ရဲ့ အားပြိုင်ပွဲဖြစ်ပြီး၊ ကြားခံ စစ်ပွဲဖြစ်နေတာပါ။
ယီမင်မှာ ဟူသီအုပ်စုကို ကူညီနေတာ အီရန် ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာအုပ်စုလို့ ဗိုလ်ချုပ်တာကီက ပြောပေမယ့် ဟူသီနဲ့ ဟစ်ဇ်ဘိုလာတို့က ငြင်းဆန်ပါတယ်။