close

ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်သည့် မြန်မာများနှင့် လူကုန်ကူးပွဲစား ၆ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ၊ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဒီဇင်ဘာ ၂၆ ရက်က  တရားမဝင် ဝင်ရောက်လာတဲ့ရွှေ့ပြောင်းမြန်မာလုပ်သား ၂၅ ယောက် နေရာ ၂ နေရာကနေ  ဖမ်းဆီးခံခဲ့ရပါတယ်။ 

အဲဒီထဲက ၁၉ ယောက်ဟာ ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု ဘန့်ဟွေ့နမ့်ခေါင်ရွာနားမှာ မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က အဖမ်းခံရပြီး နောက် ၆ ယောက်ကို စံခလပူရီ နောင်လူးအုပ်စုထဲမှာ မနေ့မနက်ပိုင်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေဟာ  ပဲခူး၊ နေပြည်တော်၊ မော်လမြိုင်စတဲ့အရပ်ကလာပြီး ထိုင်းအလယ်ပိုင်း ဘန်ကောက်နဲ့ စမွတ်စခွန်းခရိုင်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ပွဲစားကို တယောက်ကို ထိုင်း ဘတ် ၂၂၀၀၀ နဲ့ ၂၇၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၂၆ ရက် တနေ့တည်းမှာဘဲ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ် မဲ့ငွန်းကျေးရွာအုပ်စုထဲမှာ နယ်စပ်တောလမ်းကနေလမ်းလျှောက်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက် မနက် ၅ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့တွေထဲမှာ အမျိုးသား ၈ ယောက်  အမျိုးသမီး  ၇ ဦးနဲ့ ကလေး ၃ ဦး ပါဝင်ပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက်မှာတော့ ထိုင်းအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ကော်လတ်မြို့နယ် မခမ်ဖုန်းရွာဘက်ကနေ ဝင်လာတဲ့ မြန်မာ ၂၃ ယောက်နဲ့ လမ်းပြ တယောက်တို့ အဖမ်းခံခဲ့ရပါတယ်။ 

၂၀၂၁ ခုနှစ်  စက်တင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားစုစုပေါင်း ၃၇၇၈ ယောက်နဲ့ လမ်းပြ ၆၇ ယောက်တို့ ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော် အမှတ် ၁ ဒေသ ပြန်ကြားရေးသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ 

တရားမဝင် ဝင်ရောက်ရာမှာ  စစ်ဆေးရေးဂိတ်တွေတိမ်းရှောင်ရင်း ယာဉ်မတော်တဆ ထိခိုက်မှုတွေလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ တရားမဝင်အလုပ်သမား ၂၃ ယောက် တင်လာတဲ့ကား မတော်တဆထိခိုက်မှုဖြစ်ပြီး ၃ ယောက် သေဆုံး ၇ ယောက်  ဒဏ်ရာရခဲ့ပါတယ်။ ကားမောင်းသမားက သူတို့တွေကို ဆေးရုံမပို့ဘဲ တောထဲတနေရာမှာ စွန့်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေရာမှာ လူကုန်ကူးမှုနဲ့ ဘောင်ဝင်တဲ့ တရားခံ စုစုပေါင်း ၆ ယောက်ကို နခွန်းပထုံခရိုင် ဆာမ်ဖလန်းမြို့နယ်ထဲမှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါ ၆ ယောက်ဟာ အသက် ၂၀ မှ ၃၂ နှစ်ရွယ်ကြား အမျိုးသားတွေဖြစ်ပြီး ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၁ ယောက်ပါဝင်ကြောင်း ၊ သူတို့ကို လူကုန်ကူးမှု ၊ လူအများ သေကျေ ဒဏ်ရာရအောင် ပေါ့ဆစွာယာဉ်မောင်းမှု၊ ပြစ်မှုရှောင်တိမ်းမှုစတဲ့ အမှုတွေနဲ့ အရေးယူအပြစ်ပေးသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကိုးကား- Mgronline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up