ဘရာဇီး အရှေ့မြောက်ပိုင်းတွင် ဆည်ကျိုးမှုကြောင့် သေဆုံးသူ ၂၀ ထိရှိလာ

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ဆည်ကျိုးလို့ သေဆုံးသူ ဦးရေဟာ ဒီဇင်ဘာ ၂၇ ရက်အထိ အယောက် ၂၀ ရှိလာပြီလို့ သိရပါတယ်။
ပြည်နယ်ရဲ့သမိုင်းမှာ အဆိုးဆုံးကပ်ဘေးအဖြစ် ဘာဟီယာပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာပြီး လာမယ့်ရက်တွေ မိုးပိုရွာမှာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတား ဖြစ်နေပါတယ်။
ကာလကြာရှည် မိုးခေါင်အပြီး စံချိန်တင် မိုးကြီးခဲ့လို့ လူဦးရေ ၁၅ သန်းရှိတဲ့ ဘာဟီယာပြည်နယ်ရဲ့ နေရာ အများအပြားမှာ သီတင်းပတ်ချီ ရေကြီးနေတာပါ။ ဆည် ၂ ခု ရေဖောက်ချခဲ့အပြီး ခရစ္စမတ် အကြိုညနဲ့ ခရစ္စမတ်နေ့တွေမှာ တချို့နေရာတွေ ရေပိုကြီးလာခဲ့လို့ ဒေသခံတွေ ကုန်းမြင့်တွေဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
မိုးကြီးတဲ့ဒဏ်ကို ပြည်သူ ၄ သိန်းထက်မနည်း ခံစားခဲ့ရပြီး အရေးပေါ်အခြေအနေကို ရင်ဆိုင်ခဲ့ရတဲ့ မြို့ပေါင်း ၆၇ မြို့က လူထောင်ချီကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယွဲ့ကက်စ်ထရိုက ပြောပါတယ်။
ပြည်နယ်ရဲ့ မြို့တော် ဆယ်လ်ဗာဒေါမှာ ဒီဇင်ဘာလအတွင်း ရွာခဲ့တဲ့ မိုးရေချိန်ဟာ ပျမ်းမျှ မိုးရေချိန်ထက် ခြောက်ဆ ပိုများခဲ့တယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။
အာဏာပိုင်တွေက စည်ပင်ဒေသ ၇၂ ခုမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး နောက်ထပ် ဆည်ပေါင်း ဆယ်ခုမှာ ပြိုကျမယ့်လက္ခဏာတွေအတွက် စောင့်ကြည့်နေတယ်လို့ ဒေသခံ မီဒီယာက ဖော်ပြထားပါတယ်။