ဘရာဇီးနိုင်ငံရဲ့ ဂန္ထဝင်ဘောလုံးသမား ပီလီ ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်း

ဘရာဇီးနိုင်ငံရဲ့ ဂန္ထဝင်ဘောလုံးသမား ပီလီဟာ ဒီဇင်ဘာ ၂၃ ရက်က ဆာပေါ်လို အယ်လဘတ် အိုင်စတိန်းဆေးရုံကနေ ဆင်းပြီး ခရစ္စမတ်ကာလကို အိမ်မှာပဲ အနားယူရင်း ကုန်ဆုံးဖို့ ရှိတယ်လို့ ဆေးရုံက သတင်းထုတ်ပြန်ပါတယ်။
အူမကြီးအကျိတ်ကို ခွဲစိတ်ကုသမှုခံယူ ထားရတဲ့ ပီလီရဲ့ ကျန်းမာရေး အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ဆေးရုံက ကြေညာချက်ပါတယ်။
အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ ပီလီရဲ့ ရွှင်ရွှင်လန်းလန်း ဓာတ်ပုံလည်း သူရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။
“အားလုံးကို ပေးထားတဲ့ ကျနော့်ရဲ့ကတိအတိုင်း ခရစ္စမတ်ကာလကို မိသားစုနဲ့ အတူနေဖို့ အိမ်ပြန်နေပြီ၊ မေတ္တာပို့ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။
အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရတဲ့ ပီလီဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကျန်းမာရေး အခြေအနေ ယိုယွင်းလာခဲ့ပါတယ်။ တင်ပါးဆုံခွဲစိတ်ခဲ့တဲ့ နောက်ပိုင်းမှာ ဘေးက အကူပါမှ လမ်းလျှောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။