close

နတ်မောက်မြို့နယ် လင်းကတိုးကျေးရွာက မိသားစု ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကန်ကျေးရွာအုပ်စု၊ လင်းကတိုးကျေးရွာမှာ နေထိုင်တဲ့ အပြစ်မဲ့ပြည်သူ မိသားစု ၃ ဦးကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၂၇ နေ့ည ၁၀ ဝန်းကျင်မှာ နေအိမ်ဝိုင်းအတွင်း ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖမ်းဆီးခံရသူတွေဟာ အသက် ၆၅ နှစ်အရွယ် ဦးသိန်းရွှေ၊ အသက် ၅၂ နှစ်အရွယ် ဇနီးဒေါ်ကျင်မေနဲ့ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ မောင်ဖြိုးပိုင်ကို တို့ဟာ နေအိမ်အတွင်း အိပ်နေစဉ် ပစ်ခတ်ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ညကြီး ၁၀ နာရီလောက်မှာ စစ်ကား ၁ စီး ရွာထဲ တရကြမ်း ဝင်လာပြီး ဦးသိန်းရွှေတို့ ခြံဝိုင်းထဲဝင်သွားတယ်။ ကားပေါ်ပါတဲ့ စစ်သားအယောက် ၂၀ လောက် သူတို့အိမ်ကိုဝိုင်းထားပြီး ဘာမှမမေးဘဲ ပစ်တော့တာပဲ။  ဖြိုးပိုင်ကိုရဲ့ ပေါင်မှာ သေနတ်ကျည်ဆန်မှန်ပြီး သူတို့မိသားစု ၃ ယောက်လုံးကို ကားပေါ်တင်ပြီး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အကြောင်းပြချက်မရှိဘဲ အပြစ်မဲ့ မိသားစု ၃ ဦးကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးပြီး ဘယ်နေရာကို ခေါ်ဆောင်သွားလည်းဆိုတာ မသိရသေးဘူးလို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။

ကျေးရွာနေအိမ်အတွင်း အေးဆေးစွာအိပ်စက်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ICRC ကို အကြောင်းကြားထားပြီးဖြစ်သလို AAPP ဆီကိုလည်း အချက်အလက်တွေ ပေးပို့သွားမယ်လို့ နတ်မောက်မြို့နယ်က လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမင်းက ပြောပါတယ်။

နတ်မောက်မြို့မရဲစခန်း တာဝန်ကျရဲတဦးက “လင်းကတိုးရွာက ဦးသိန်းရွှေ တို့မိသားစုကို ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေ မပါဝင်တဲ့အတွက် အဲ့ဒိကိစ္စမသိပါဘူး” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်မှာ နုတ်ထွက်ချင်ဟန်ဆောင်ထားတဲ့ ကျေးရွာရွာခွဲတာဝန်ခံနဲ့ အုပ်စုအုပ်ချူပ်ရေးမှူးတွေရဲ့ မမှန်မကန်သတင်းပေးမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက မတရားဖမ်းဆီးပြီး ရွာမွန်စစ်တပ်စစ်ကြောရေးနဲ့ နတ်မောက်မြို့မရဲစခန်းတွေမှာ လူမဆန်စွာညှဉ်းပန်းနှိပ်စက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းကလည်း နတ်မောက်မြို့နယ်က ဝင်အူ (ခ) ဝံအူကျေးရွာကို ကောင်စီတပ်သား ၁၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်သွားကာ လူနေအိမ် ၃ လုံးကိုလည်း မီးရှို့သွားကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up