တပတ်အတွင်း ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

ပြီးခဲ့တဲ့ တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်မှုစံချိန်တင် မြင့်မားခဲ့သလို တချိန်တည်းမှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုလည်း ထိန်းချုပ်ရခက်တဲ့အခြေအနေကို ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တပတ်တာအတွင်း အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှုန်းပျမ်းမျှ ၂ သိန်း ၅ သောင်းကျော်ရှိပြီး မနှစ်ဇန်နဝါရီလအတွင်း နေ့စဉ်ပျမ်းမျှ ကူးစက်မှုနှုန်းထက် ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ကူးစက်မှုနှုန်း မြင့်မားလာရတာဟာ ကူးစက်မြန် အိုမီခရွန် ဗိုင်းရစ်အသစ်ကြောင့် ဖြစ်ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိုမီခရွန် ကူးစက်မှုတွေက တနိုင်ငံလုံးအတိုင်းအတာမှာ ဆက်ဖြစ်နေလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရောဂါထိန်းချုပ်ရေးဌာန ညွန်ကြားရေးမှူးက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
ကူးစက်မှုတွေ မြင့်မားတာ မှန်ပေမဲ့ ဆေးရုံရောက်တဲ့ လူနာ၊ သေဆုံးသူ အရေအတွက်တော့ မများသေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာသာမက ဗြိတိန်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ မြေထဲ ပင်လယ်ဒေသထဲက ဆိုက်ပရက်၊ မယ်လတာ နိုင်ငံတွေအထိ ကိုဗစ်-၁၉ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေပါတယ်။
ပြင်သစ်အစိုးရ ကျန်းမာရေးဝန်ကြီးကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် နှစ်သိန်းကျော်သွားတဲ့အတွက် ထိန်းချုပ်ရခက်နေကြောင်း လွှတ်တော်အမတ် တွေကို မနေ့က အသိပေး ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ဒီဇင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၈၄,၉၀၆,၁၄၆ ဦးနဲ့ သေဆုံးသူ ၅,၄၃၈,၆၀၇ ဦးရှိပြီလို သိရပါတယ်။