ဇန်နဝါရီလအတွင်း ကိုဗစ်ကာကွယ်ဆေး booster ကျူးဘားတနိုင်ငံလုံး အပြီးထိုးပေးမည်

တကမ္ဘာလုံး အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေတဲ့အချိန်မှာ ကျုးဘားနိုင်ငံမှာ booster လို့ ခေါ်တဲ့ နောက်ဆက်တွဲ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇန်နဝါရီလထဲ တနိုင်ငံလုံး အပြီး ထိုးပေးသွားမယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
ကာကွယ်ဆေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒါဂမာ ဂါစီယာက လောလောဆယ်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို booster ထိုးပေးထားပြီး ၂၀၂၂ နှစ်ဆန်းမှာ ကျန်သူတွေကို ဆက်ထိုးပေးသွားမယ်လို့ ပြောပါတယ်။
ကျူးဘား ဆေးပညာရှင်တွေကိုယ်တိုင်က ပထမ ဆေးသုံးလုံးကို ထိုးအပြီး ၆ လကြာမှ နောက်ဆက်တွဲ booster ဆေးထိုးဖို့ သတ်မှတ်ထားတာကို သုံးလအထိ လျှော့ချဖို့ သဘောတူ လိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာ CubaDebate က ဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ ကျူးဘားနိုင်ငံမှာ အရင်တပတ် အင်္ဂါနေ့က အိုမီခရွန်ဗိုင်းရပ် ကူးစက်ခံရသူ ၄၄ ယောက်ကို တွေ့ရှိခဲ့ရပါတယ်။
ဒါပေမဲ့ ကျူးဘားမှာ ကိုဗစ်-၁၉ ကူးစက်မှု အဆိုးဆုံး အချိန်လို့ ပြောရမယ့် သြဂုတ်လတုန်းတောင် လူသေနှုန်းက ၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
ဆင်းရဲပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လာရင် ကမ္ဘာမှာစံပြဖြစ်တဲ့ ကျူးဘား နိုင်ငံမှာ ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။
လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အနည်းဆုံးတကြိမ် ထိုးထားပြီး လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး အပြည့်အ၀ ထိုးထားပြီး ဖြစ်ပါတယ်။