စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ကေအန်ယူက အရှင်ဖမ်းမိ



ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်မှာ ကေအန်ယူနယ်မြေထဲ ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းက ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အရှင်ဖမ်းဆီးရမိတယ်လို့ KNLA တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေအထဲမှာ တပ်ခွဲမှူး ဗိုလ်ကြီး ၁ ဦးလည်းပါဝင်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လေးကေ့ကော်ဒေသနဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ ထိုးစစ်ဆင်နေတဲ့အပြင် လက်နက်ကြီးတွေ အလွန်အကျွန်အသုံးပြု ပစ်ခတ်တာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်အတွင်း ကေအန်ယူ တပ်မဟာ ၁ မှ ၆ အထိ နယ်မြေတွေမှာ ကျူးကျော်စစ်ပွဲဆင်နွှဲနေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူတွေ တောတွင်းနဲ့ အိမ်နီးချင်း ထိုင်းနယ်စပ်ဘက်ကို ထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KRC ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။
လေးကေ့ကော်မြို့တစ်ဝိုက်ကို ရှင်းလင်းသိမ်းလိုက်တယ်ဆိုပြီး စစ်ကောင်စီက MRTV နဲ့ မြဝတီရုပ်သံဌာနတွေကနေ ကြေညာထုတ်လွှင့်နေပေမဲ့ ဒီသတင်းဟာ မှန်ကန်မှုမရှိဘူးလို့ KNLA တပ်ဖွဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။