close

၁၁ လအတွင်း စစ်တပ်က ပြည်သူ ၁၃၉၃ ဦးကို သတ်ဖြတ်၊ ၁၁၂၉၆ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လအကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၉၃ ယောက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၁၁၂၉၆ ယောက် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၃၄၄ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၅၀၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို အကျဉ်းထောင်တွင်းတရားရုံးမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးအောင်ကျော်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် သုံးနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုရန်နိုင်အောင်၊ ဖခင် ဦးဝင်းလှိုင်နဲ့ အစ်ကိုဖြစ်သူ ကိုရွှေဖြိုးအောင်တို့ကို ပြည်အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ 

ကိုရန်နိုင်အောင်ဟာ ပြည်တက္ကသိုလ် ရုက္ခဗေဒဌာနက တတိယနှစ်ကျောင်းသားဖြစ်ပြီး ကိုရွှေဖြိုးအောင်ကတော့ ပြည်တက္ကသိုလ်(အဝေးသင်) ဒသနိကဗေဒဌာနမှ တတိယနှစ်ကျောင်းသား ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်ကတော့ နိုင်ံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up