close

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားသည့် သဘာဝဘေးအမှု ဇန်နဝါရီ ၁၀ ရက် အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင် ရာ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကို ဇန်နဝါရီ ၁၀ ရက်မှာ  အပြီးသတ် အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုကိုတော့ စစ်ကောင်စီကိုယ်စား ဦးညီညီက တရားလိုပြုလုပ်စွဲဆိုခဲ့တာပါ။ 

နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီနေ့လုပ်တဲ့ ရုံးချိန်မှာ နှစ်ဖက်အပြီးသတ် လျှောက်လဲချက်တင်ခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ပို့ကုန်သွင်း ကုန်နဲ့ ဆက်သွယ်ရေးပုဒ်မတွေကို  ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ မူလက စီစဉ်ခဲ့ပေမဲ့ တရားရုံးက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ  အမိန့်ချဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒါကြောင့်မို့ တရားရုံးအစီအစဉ်အတိုင်း အမိန့်ချဖြစ်မယ်ဆိုရင် ဇန်နဝါရီ ၁၀ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမှု ၃ ခုအတွက် အပြီးသတ်အမိန့်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ ရက် ရုံးချိန်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ၅၀၅ (ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပေမယ့် အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်ခေါင်းဆောင်က ထောင်ဒဏ် ၄ နှစ်ကနေ ၂ နှစ်ကို လျှော့ချပြီး သက်သာခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှု ၁၃ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up