close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေခံခွင့်မရ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုအကျဉ်းထောင်အာဏာပိုင်တွေက အချုပ်နဲ့ခရီးသွားလာခွင့်မပြုတာကြောင့် ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မနက်  နေပြည်တော်ဇမ္ဗူသီရိတရားရုံး ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် သက်သေအဖြစ် ထွက်ဆိုခွင့်မရခဲ့ဘူးလို့  တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သဘာဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ နဲ့ စစ်ကောင်စီကိုယ်စားတရားလို  ဦးညီညီက စွပ်စွဲထားတာပါ။

အဲ့ဒီအမှုမှာ ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေခံပေးဖို့ ရှေ့နေအဖွဲ့ကစီစဉ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်တာကိုခံနေရတာဖြစ်ပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ သက်သေခံချက်ကို ကိုယ်စားလှယ်တစ်ယောက်ကနေ တဆင့်ရယူဖို့ ဒါမှမဟုတ် ဗီဒီယိုကွန်ဖရန်းဆင်းကနေတဆင့်ရယူဖို့ဆိုတဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ တရားသူကြီးက ရှေ့နေအဖွဲ့ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ 

ရှေ့နေအဖွဲ့ကလည်း ဒေါက်တာဇော်မြင့်မောင်ဆီကို တရားရုံးက ဆင့်ခေါ်စာထပ်မထုတ်တာကို ဝေဖန်ခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ထွက်ဆိုချက်တွေကို တရားရုံးကလက်ခံရယူဖို့ တာဝန်ရှိကြောင်းတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ 

တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုမှုကနေ အချက်အလက်ရယူတာနဲ့ ဗီဒီယိုကွန်ဖရန်းဆင်းကနေ အချက်အလက်ရယူတာဟာ အများကြီးကွဲပြားတဲ့အတွက် အမှုသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်ကို ရယူဖို့လိုတယ်လို့ ရှေ့နေအဖွဲ့က တရားရုံးမှာ ပြန်လည်အဆိုပြု ခဲ့တယ်လို့ ဆိုပါတယ်။ 

တရားသူကြီးက ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်သက်သေခံခွင့်မရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမှုကို ထပ်မံရွှေ့ဆိုင်းခွင့်ပြုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ရုံးချိန်းပြန်ပေးခဲ့ပါတယ်။ 

ဒီဇင်ဘာ ၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိ တရားရုံးက ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းမှာဘဲ ထောင်ဒဏ် ၄ နှစ်ကနေ ၂နှစ်ကို လျှော့ချခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up