close

မင်းဘူးမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း မင်းဘူးမြို့နယ် စည်ပင်ရုံးကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ MSPDF ဘီလူးစစ်ဆင်ရေး အထူးတပ်ဖွဲ့က ရဲဘော် ဗိုလ်ယက္ခနဲ့ ဗိုလ်အာဠာဝကတို့က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစည်ပင်ရုံးဟာ ပြည်သူလူထုဆီကနေ အခွန်တွေ အတင်းအကျပ်ကောက်ခံပြီး စစ်ကောင်စီကို ဝင်ငွေရရှိအောင် အဓိကထောက်ပံ့နေတဲ့ ဌာနဖြစ်တာကြောင့် အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးတဲ့ အခြေနေကို အတိကျမသိရသေးဘူးလို့ MSPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မင်းဘူးမြို့ဒေသခံတစ်ယောက်ကတော့ “စည်ပင်ရုံးထဲမှာ ဒီနေ့မနက်အစောပိုင်းက ဗုံးကွဲသံ အကျယ်ကြီးပဲ ကြားလိုက်တယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ရောက်လာပြီးတော့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေ၊ ကားတွေကို စစ်ဆေးနေတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မင်းဘူးစကုမြို့နယ် မုန်တောင်ရဲစခန်းကို ဘီလူးစစ်ဆင်ရေး အထူးတပ်ဖွဲ့က အဝေးထိန်းဗုံး တစ်လုံးနဲ့ ဖောက်ခွဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီတဲ့ အခြေနေကို သေးစိတ်သိရှိနိုင်ဖို့ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

MSDF ဘီလူးစစ်ဆင်ရေး အထူးတပ်ဖွဲ့အနေနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲရေး နည်းပညာတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီလို့လည်း MSPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up