ထိုင်းတွင် အိုမီခရွန်ပိုးကူးစက်ခံရသူ ၁၇၈၀ ရှိလာ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူပေါင်း ၁၇၈၀ ထိ ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဒီကနေ့ အိုမီခရွန်ကူးစက်ခံရသူ ၂၂၉ ဦး ထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်း အယောက် ၁၇၈၀ ရှိသွားပြီဖြစ်ကြောင်း၊ ကူးစက်မှုအများဆုံးမှာ ဘန်ကောက်ပြီးရင် ကားလားဆင်၊ လွဲ့အစ်၊ ချွန်းပူရီနဲ့ ဖူးကက်ခရိုင်တို့ဖြစ်ပြီး နိုင်ငံခြားကနေဝင်ရောက်လာသူတွေထဲမှာလည်း ထပ်တွေ့တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီး အနုထင်း ချိုင်းဝီရကွန်းက ဒီကနေ့ မွန်းလွဲပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံခြားကဝင်ရောက်လာတဲ့အခါ test & Go (အသွားအလာကန့်သတ်ရန်မလို/စစ်ဆေးပြီး လွတ်လပ်စွာသွားလာလို့ရတဲ့စနစ်) ကို ဇန်နဝါရီလ ၄ ရက်ထိ ဆိုင်းငံ့ကြောင်း ထုတ်ပြန်ထားပေမယ့် လက်ရှိအခြေအနေအရ ဘေးမကင်းသေးတာကြောင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အစည်းအဝေးမှာ လာမယ့်လကုန်ထိ ဆက်လက်ဆိုင်းငံ့သွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုဖို့ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေးဗဟိုကော်မတီဆီ တင်ပြထားတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
ယခင်က test & Go စနစ်နဲ့ နိုင်ငံထဲ ဝင်လာခွင့်ရထားပြီးသူတွေအနေနဲ့ ဒီလ ၁၀ ရက်ကျော်မှ ဝင်လာရင်တော့ ကွာရန်တင်းဝင်ရလိမ့်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အိုမီခရွန်ပိုးကူးစက်မှုဟာ ခရိုင်ပေါင်း ၄၇ ခုထိ ပျံ့နှံ့သွားပြီဖြစ်ပြီး ကူးစက်သူတွေရဲ့ တစ်ဝက်ကျော်ဟာ နိုင်ငံခြားက ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။
ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ပိုးတွေ့သူအသစ် ၂၉၂၇ ဦး၊ သေဆုံးသူ ၁၈ ဦး၊ ပျောက်ကင်းသူ ၂၉၀၃ ဦးရှိပါတယ်။ ၂၀၂၀ ခုနှစ်ကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၂၂၃၂၄၈၅ ဦး၊ သက်သာပျေက်ကင်း ၂၁၇၇၆၃၃ ဦး နဲ့ သေဆုံးသူ ၂၁၇၃၈ ဦး ရှိတယ်လို့ ထိုင်းကိုဗစ်စင်တာက ထုတ်ပြန်ထားပါတယ်။