ဘုတလင်နှင့် ဝက်လက်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေမှာ ဇန်နဝါရီ ၃ ရက်က စစ်ကောင်စီရဲ့ ခြေလျင်တပ်တွေကို လေတပ်က ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့ လက်ပန်ရွာနားနဲ့ ဝက်လက်မြို့က ညောင်ပင်ကြီးတောနားမှာ ဝေဟင်က ပစ်ခတ်တာတွေ လုပ်ခဲ့တာပါ။
အုတ်ဖိုကျေးရွာသား တစ်ဦးက “ဘုတလင်ဘက်ကို ဒီပဲယင်းကနေ ဝင်လာပြီး အုတ်ဖိုမြောက်ရွာမှာ တပ်စွဲတယ်။ ဒေသခံတွေကတော့ စစ်ဘေးရှောင်နေရတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဇန်နဝါရီ ၂ ရက် မိုင်းဆွဲတိုက်ခိုက်တာက သူတို့ကို အထိနာစေတယ်။ အဲဒီအကျိုးအကန်းတွေ လာသယ်ရင်း စစ်ကူ ထပ်ချတယ်။ အဲဒီလို ချရင်း လေယာဉ်နဲ့နေရာအနီးတဝိုက်ကို သေနတ်နဲ့ပစ်ရှင်းတယ်”လို့ ပြောပါတယ်။
လေကြောင်းပစ်ခတ်တာကြောင့် ရွာသားတွေ သေဆုံးတာတွေ ရှိနိုင်သလို စစ်တပ်က မထွက်ခွာသေးတာကြောင့် သေဆုံးစာရင်းအတိအကျ မသိနိုင်သေးဘူးလို့ ဒေသခံ တချို့က ပြောပါတယ်။
အလားတူ ဝက်လက်မြို့နယ်မှာလည်း ဘုတလင်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးဟာ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံရွာသား တချို့ က ပြောပါတယ်။
“သူတို့ အထိနာလို့ အခုလို လာတာ။ လေယာဉ်နဲ့လာမယ်ဆိုတာ ကျနော်တို့အဖွဲ့တွေ ကြိုသိပြီးသားပါ။ ပစ်နေတာကတော့ ခုထိပဲ။ စက်ဝိုင်းပုံ လှည့်ပတ်ပစ်နေတာ”လို့ ဝက်လက်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဝင် တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
စစ်တပ်က နယ်မြေစိုးမိုးရေး အကြောင်းပြပြီး ကျေးရွာတွေထိ ဝင်ရောက်ပစ်ခတ် ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရရာလက်နက်ဆွဲ ကာကွယ်နေရတာ ဖြစ်ပါပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတော ကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရဟတ်ယာဉ်နဲ့ ကျေးရွာထဲကို ပစ်ခတ်တိုက်ခိုက်တာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်က MI- 35 ရဟတ်ယာဉ် ၄ စီးနဲ့ ညောင်ပင်ကြီးတောကျေးရွာကို လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်နဲ့ ကျေးရွာကို ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားအင်အား ၅၀ လောက်ကို ကျေးရွာအတွင်းမှာ ချထားပေးပြီး ရွာဦးဘုန်းကြီးကျောင်းကို ဝိုင်းထားကြတယ်လို့ သိရပါတယ်။
“လက်နက်ကြီးတွေနဲ့ရော ဗုံးတွေရော ကြဲတယ်၊ နေ့လယ်လောက်ကတည်းကပဲ တစ်စီးက ဗုံးကြဲတယ်၊ ၃ စီးက လူလာချသွားတယ်၊ ရွာဦးကျောင်းမှာ ဝိုင်းထားကြတယ်။ ရွာထဲကို သူတို့ချသွားတဲ့ဟာတွေ ဝင်မွှေနှောက်နေလို့ ထွက်ပြေးနေရတယ်။ ဒီနေ့က တိုက်ပွဲမဖြစ်ပါဘူး။ မဖြစ်ဘဲ လာပစ်တာ” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ချသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက နေအိမ်တွေမှာ ဝင်ရောက်မွှေနှောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ ဝက်လက်မြို့နယ် ဘုရားလေးကုန်းကျေးရွာအနီး စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ လောက်အထိ သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးပြီး ကျေးရွာအတွင်း ပိတ်မိနေချိန်မှာ ရဟတ်ယာဉ်တွေက ရောက်ရှိလာပြီး တပ်ကူ ပစ်ပေးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပါတယ်။