close

နယူးဒေလီတွင် ကိုဗစ်-၁၉ ကူးစက်မှု ၄ ဆ တိုးလာသဖြင့် အသွားအလာကန့်သတ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်က အာဏာပိုင်တွေဟာ လာမယ့် သီတင်းပတ်ကုန်ရက်အတွင်း ပြည်သူတွေ အိမ်မှာပဲ နေကြဖို့ ဇန်နဝါရီ ၄ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။

သီတင်းပတ် တပတ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူဦးရေ လေးဆ တိုးလာတာ မြင်ရအပြီး ခုလို အမိန့်ထုတ်တာပါ။ နယူးဒေလီ ဝန်ကြီးချုပ်ဟာ ပါးစပ် နှာခေါင်းစည်းမပါဘဲ ရွေးကောက်ပွဲအတွက် မဲဆွယ်ချီတက်ပွဲမှာ မိန့်ခွန်းပြောအပြီး နောက်တနေ့မှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဥတ္တရာခန်းပြည်နယ် မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောခဲ့တဲ့ ဝန်ကြီးချုပ်ဟာ အပျော့စား ရောဂါလက္ခဏာတွေ ခံစားရအပြီး အိမ်မှာ သီးခြားခွဲနေတယ်လို့ ပြောပါတယ်။

လတ်တလော နေ့တွေမှာ သူနဲ့ ထိတွေ့ခဲ့တဲ့ ဘယ်သူမဆို ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်၊ မဟုတ် ဆေးစစ်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

အိန္ဒိယမှာ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ၃၇,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၁၂၄ ယောက် ရှိခဲ့တာပါ။ 

နေ့စဉ် ကူးစက်ခံဦးရေဟာ စက်တင်ဘာ နှောင်းပိုင်းကစပြီး အမြင့်ဆုံးအထိ တိုးလာခဲ့လို့ ဒယ်လ်တာဗီဇမျိုးကွဲနေရာမှာ အင်မတန် ကူးစက်လွယ်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲက အစားထိုး နေရာဝင်ယူစပြုနေပြီလို့ ပညာရှင်တွေက သံသယရှိနေကြပါတယ်။

ဒါပေမဲ့ ဆေးရုံတင် လူနာဦးရေကတော့ ထိုးတက်မလာသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒေလီမြို့တော်မှာ တရက်ကို အသစ်ကူးစက်ခံ ဦးရေ အယောက် ၄၀၀၀ ကျော်ပေမယ့် လူနာအများစုက အပျော့စားလက္ခဏာ ဒါမှမဟုတ် ရောဂါလက္ခဏာ လုံးဝမပြတာမျိုးတွေ ရှိနေပြီး အမြန်နာလန်ထလာကြတယ်။

ဗိုင်းရပ်စ်ကိုတိုက်ဖျက်ဖို့ ပြည်သူတွေ စနေ၊ တနင်္ဂနွေနေ့တွေမှာ အခန်းတွင်းမှာပဲ နေရမယ်လို့ ပြည်နယ် ဒုဝန်ကြီးချုပ်မာနစ်ရှ် စီဆိုဒီယာက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီကစပြီး ကပ်ဘေးဆိုက်ကတည်းက ခုထိ ကူးစက်ခံ ၃၄ ဒသမ ၉၆ သန်း ရှိပြီး ကူးစက်ခံ ၄၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up