နယ်သာလန်တွင် ကိုဗစ်-၁၉ စည်းကမ်း ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ အစိုးရရဲ့ ကိုဗစ်-၁၉ လော့ခ်ဒေါင်းချမှုနဲ့ ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်သူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းတဲ့ လုံထိန်းရဲတွေကြား ဇန်နဝါရီ ၃ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတွေက နံပါတ်တုတ်တွေ ဒိုင်းတွေနဲ့ ထောင်ချီတဲ့ လူအုပ်ကို ခပ်ကြမ်းကြမ်း ဖြိုခွဲခဲ့ပါတယ်။
တနိုင်ငံလုံး အိုမီခရွန်ဗိုင်းရပ်စ် မကူးစက်အောင် လူနှစ်ဦးထက် ပိုမစုဝေးဖို့ ကျန်းမာရေးဌာနက အခုရက်ပိုင်း အမိန့်ထုတ်ထားတာကို မကျေနပ်သူတွေက ဆန္ဒပြကြတာပါ။ နှစ်ဘက် တွန်းထိုး လုံးထွေးမှုတွေဖြစ်ပြီး လူ ၃၀ လောက် အဖမ်းခံရကာ ရဲ ၄ ဦးလည်း ဒဏ်ရာရသွားပါတယ်။
ဆန္ဒပြသူတွေက အမ်စတာဒမ် Museum Square မှာ face-mask တွေမတပ်၊ social distancing စည်းကမ်းတွေ ပေါ်တင်ချိုးဖောက်၊ အစိုးရဆန့်ကျင်ရေး သီချင်းတွေဆိုပြီး စုဝေး ချီတက်ခဲ့ပါတယ်။
မြို့တော်ဝန်က ဆန္ဒပြနေတဲ့လူအုပ်ကို အရေးပေါ်ဖြိုခွဲပစ်ဖို့ လုံထိန်းရဲတွေကို အမိန့်ပေးခဲ့ပါတယ်။
နယ်သာလန်အစိုးရက ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၁၄ ရက်အထိ စားသောက်ဆိုင်၊ စတိုးဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အားကစားရုံ၊ ပြတိုက်နဲ့ အများပြည်သူနေရာ အားလုံးနီးပါးကို ရုတ်တရက် လော့ခ်ဒေါင်းချခဲ့တာ ဖြစ်ပါတယ်။