နယူးဂျာစီပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ဆေးရုံတင်နှုန်း အမြင့်ဆုံးအဆင့်ရောက်ရှိ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ၂၀၂၀ မေလတည်းက ခုထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာ ဆေးရုံတင်နှုန်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ပြည်နယ်တခုလုံးမှာ သီတင်းပတ်တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ဆေးရုံတင်နှုန်းက ၇၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။
အိုမီခရွန် ဗီဇမျိုးကွဲသစ်က ဆူနာမီလှိုင်းလုံးလို ကူးစက်နေလို့ ဆေးရုံတွေနဲ့ သူနာပြုဂေဟာတွေက ဝန်ထမ်းတွေအပေါ် သက်ရောက်နေပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက တနင်္လာနေ့မှာ ပြောပါတယ်။
နယူးဂျာစီပြည်နယ်မှာ တရက်အတွင်း ကိုဗစ်ကူးစက်ခံ အတည်ပြုလူနာ အရေအတွက် ၂၀,၀၀၀ ကျော်နေတာ ၆ ရက်ဆက်တိုက် ရှိနေပါပြီ။
ပြည်သူတွေ သူတို့အိမ်မှာသူတို့ စမ်းသပ်တာကို ဒေသခံအရာရှိတွေဆီ သတင်းပို့မယ့်ပုံ မပေါ်လို့ ဒီအရေအတွက်က တကယ့်အရေအတွက်ထက် နည်းမယ်လို့လည်း မာဖီက ဆက်ပြောပါတယ်။
ကျောင်းတွေကို ဆက်ပြီး ဖွင့်ထားဖို့ မာဖီက ဆော်ဩပေမယ့် တချို့ကျောင်းတွေကတော့ အဝေးသင်စနစ်နဲ့ ပြောင်းသင်နေကြပြီလို့ သူက အသိအမှတ်ပြု ပြောဆိုပါတယ်။
နယူးဂျာစီမြို့ အပါအဝင် ပြည်နယ်ရဲ့ အကြီးဆုံးကျောင်းစနစ် နေရာတချို့မှာ သီတင်းပတ် နှစ်ပတ်ထက်မနည်း အဝေးသင်စနစ်နဲ့ သင်နေခဲ့ပြီးပြီလို့ ကြေညာထားပါတယ်။