close

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘိန်းစိုက်သူ ပိုများလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပုံပါကျင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အဲဒီလိုများပြားလာတာဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ ဆက်စပ်နေသလို ဘိန်းမည်း ကာလပေါက်ဈေးနှုန်းကလည်း  မြင့်တက်လာတာကြောင့် အခုလို များလာတာလို့ ပြောပါတယ်။

အရင်ကာလတွေက ဘိန်းစိုက်တောင်သူတွေရှိပေမယ့် အခုကာလလောက် မများပြားသလို ဘိန်းမည်း ကာလပေါက်ဈေးကလည်း အရင်က တစ်ပိဿာကို ထိုင်းဘတ်ငွေ တစ်သောင်းရှိရာကနေ အခုကာလမှာတော့ ထိုင်းဘတ်ငွေ နှစ်သောင်းလောက်အထိ ရှိလာတယ်လို့ ပုံပါကျင်မြို့နယ်အတွင်းက ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း တရားဥပဒေစိုးမိုးမှု အားနည်းနေတာကြောင့် ဘိန်းအရောင်းအဝယ်ကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြသလို ဘိန်းစိုက်တောင်သူ လေးပုံ တစ်ပုံကလည်း  ဌာနေပြည်သူ့စစ် BGF တွေကလုပ်ကိုင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပုံပါကျင်မြို့နယ်ဟာ ထိုင်း - မြန်မာ ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်ပြီး လူဦးရေ ၂ သိန်းဝန်းကျင်နေထိုင်ကြကာ အများစုက ဝ၊ လားဟူ၊ ရှမ်း၊ လီဆူတိုင်းရင်းသား‌ တွေဖြစ်ကြပါတယ်။        

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့  ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှာ ၂၀၁၄ ခုနှစ်က ၅၇၆၀၀ ဟက်တာရှိပြီး ၂၀၁၉မှာတော့ ၁၁ ရာခိုင်နှုန်း၊ ဟက်တာ ၃၃၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို ဖော်ပြဖူးပါတယ်။ 

အဲဒီအထဲကမှ ရှမ်းပြည်အရှေ့ပိုင်းမှာ ရှစ်ရာခိုင်နှုန်းထိကျဆင်းခဲ့တယ်လိုဆိုထားပါတယ်။ အရှေ့တောင်အာရှဒေသမှာ ဘိန်းသုံးစွဲသူ သုံးသန်းဝန်းကျင်ရှိပြီးတော့၊ ဈေးကွက်ထဲမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံအထိ ရရှိတယ်လိုလည်း ဖော်ပြပါရှိပါတယ်။

UNODCရဲ့အစီရင်ခံစာအရ ဘိန်းစိုက်ပျိုးမှုရဲ့ ၉၂ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up