ရုရှားကျူးကျော်စစ်ကို ကာကွယ်ရန် ယူကရိန်း စစ်သည်များ နှင်းထုကြားမှ အသင့်ပြင်

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခရမ့်ပ်စကာရွာအနားပတ်လည်က လယ်ကွင်းတွေပေါ် နှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေပေမဲ့ ယူကရိန်း စစ်သည်တွေကတော့ ခိုင်ခိုင်မြဲမြဲ ဆက်ရပ်တည်ဖို့ ကတိပြုထားပါတယ်။
ကတုတ်ကျင်း အနိမ့်ပိုင်းထဲမှာတော့ ခရစ္စမတ် သစ်ပင်သေးသေးတပင်ရှိပြီး နံရံပေါ်မှာ ဆုတောင်းပေးသူတွေဆီက သတင်းစကားတွေနဲ့ ပန်းချီပုံတွေ ချိတ်ဆွဲထားပါတယ်။
“ဒါဟာ လူဟန့်စ်ဒေသအတွင်း ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ တပ်တွေကို တိုက်နေတဲ့ ယူကရိန်း စစ်တပ်ရဲ့ ရှေ့တန်းနေရာပါ။ ကျနော်တို့ ခိုင်ခိုင်မြဲမြဲ ရပ်တည်ဖို့ ပိုင်းဖြတ်ထားတယ်။ ကျနော်တို့နိုင်ငံကို ကျနော်တို့ လက်မလျှော့ဘူး။ လွတ်လပ်ရေးအတွက် အချိန်အကြာကြီး တိုက်ခဲ့ဖူးပြီးပြီ”လို့ စစ်သည်တယောက်က ပြောပါတယ်။
“ကျနော် ဒီမှာ အမြဲနေဖို့ စီစဉ်မထားဘူး။ ရုရှားရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ပြီးရင် အိမ်ပြန်မယ်။ ဝိုး ဖေဖေက စူပါပါဝါ ရုရှားကို အဖေ့လက်နဲ့ ကိုယ်တိုင်တားနိုင်ခဲ့တယ်လို့ ပြောမယ့် သမီးလေးဆီကိုပေါ့”လို့ ယူကရိန်း စစ်သည် တယောက်က ပြောပါတယ်။
မြေပြင်က ပိုမာလာပြီး တင့်ကားနဲ့ တခြား သံချပ်ကာကားတွေ မြန်မြန်မောင်းလို့ရမယ့် ဇန်နဝါရီ ဒုတိယလဝက်လောက်မှာ ယူကရိန်းကို ရုရှားက တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်အရာရှိတွေက သတိပေးထားပါတယ်။
ရုရှားကတော့ လက်ရှိအကျပ်အတည်းကို ဖြေလျှော့ဖို့ အနောက်နိုင်ငံတွေဆီက သူတို့လိုချင်တဲ့ လုံခြုံရေး အာမခံချက်ကို တောင်းဆိုထားပါတယ်။
ရုရှားအစိုးရကတော့ စစ်ရေးထိုးစစ်အသစ်အတွက် စီစဉ်နေတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ တပ်တွေ အများကြီး တည်ဆောက်နေတယ်လို့လည်း ယူကရိန်းအစိုးရကို ရုရှား စွပ်စွဲထားပါတယ်။