close

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးပြည်သူ့နေအိမ် ၁၉၆၀ ကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်က မြန်မာပြည်အနှံ့ နေရာပေါင်း ၉၆  နေရာရှိ  အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၉၆၃ လုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေကိုတော့ အများပြည်သူ့ရင်းမြစ်သက်သေတွေကနေ တ ဆင့် စုစည်းထားတာဖြစ်ပြီး မပြည့်စုံတဲ့ သက်သေမှတ်တမ်းတွေကို ဖယ်ထုတ်ထားခဲ့တာမို့ မြေပြင်မှာ အမှန်တကယ်ထိခိုက်ဆုံးရှုံးမှုကတော့ ခုထက်ပိုနိုင်ကြောင်း ဖော်ပြထားပါ တယ်။

ထိခိုက်ဆုံးရှုံးမှုအများဆုံးအနေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်က မီးလောင်ဆုံးရှုံးရတဲ့ နေအိမ် ၇၅၂ လုံးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာတော့ ၆၆၂ လုံး မီးရှို့ဖျက်ဆီးခံထားရတာပါ။

မကွေးတိုင်းမှာတော့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား ပြည်သူနေအိမ် ၄၂၅ လုံးထိခိုက်ဆုံးရှုံးခဲ့ပြီး သူ့နောက်မှာတော့ ကယားပြည်နယ်မှာ ၆၆ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၃ လုံး၊ မန္တလေးတိုင်းမှာ ၁၃ လုံး၊ ပဲခူးတိုင်းအနောက်ခြမ်း မှာ ၁၀ လုံး၊ တနင်္သာရီတိုင်းမှာ ၇ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးစီ ထိခိုက်ဆုံးရှုံးခဲ့တာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကာလတွေအတွင်း တိုင်းနဲ့ ပြည်နယ်အနှံ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်လိုကြတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက် ဖျက်ကြဖို့ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူအားလုံးနည်းမျိုးစုံနဲ့ ပါဝင်ဆင်နွှဲလျက်ရှိတဲ့ ပြည်သူ့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖယ်ရှားပစ်ဖို့နဲ့ ဒါဟာဒုတိယလွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲတာလည်းဖြစ်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up