အိုမီခရွန်ကူးစက်မှုမြင့်လာသည့် ပီရူးတွင် အရေးပေါ်အဆင့်ကြေညာ

ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးမှုအမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ ပီရူးမှာ အိုမီခရွန်ကူးစက်မှု မြင့်မားလာပြီး တတိယလှိုင်းဝင်ရောက်လာနေတာကြောင့် မြို့ကြီးတွေမှာ အရေးပေါ် အဆင့်ကြေညာပြီး တင်းကျပ်တဲ့ ကန့်သတ်မှုတွေ လုပ်နေရပါတယ်။
ပီရူးကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့တပတ်အတွင်း နေ့စဉ်ကူးစက်မှုအရေအတွက် ၂၅ ရာခိုင်နှုန်းထိ မြင့်လာတာကြောင့် မြို့တော်လီမာနဲ့ ပြည်နယ်၂၄ ခုမှာ ညမထွက်ရကို ညနေ ၅ နာရီမှ မနက် ၅ နာရီအထိ တိုးလိုက်တယ်လို့ ပြောပါတယ်။
ဝန်ကြီးက “ဗိုင်းရပ်စစ်ပိုးအသစ် ဒယ်လ်တာနဲ့ အိုမီခရွန်တို့ရဲ့ ကူးစက်မှုနှုန်းက အရမ်းမြန်ပါတယ်၊ ကိုဗစ်-၁၉ ကူးစက်ခံရသူအားလုံးရဲ့ တဝက်ကျော်က အိုမီရွန်ကြောင့်ပါ။ သေဆုံးမှုအရေအတွက် မများသေးပေမဲ့၊ ဆေးမထိုးရသေးသူတွေပဲ သေဆုံးတာပါ” လို့ပြောပါတယ်။
တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံမှာ လူဦးရေ ၃၃ သန်းရှိပြီး ၈၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားပါ။
ကျန်းမာရေးဝန်ကြီးဌာန မကြာခင်က ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်သူ ၂ ဒသမ ၃ သန်း ရှိပြီး၊ သေဆုံးသူ ၂၀၂,၉၀၄ ဦး ရှိပါပြီ။