close

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ကြိမ် မိုင်းဆွဲခံရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့က သိရပါတယ်။

မြိုင်-ပခုက္ကူကားလမ်း ကိုင်းရွာကွေ့နားမှာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကားရပ်ပြီး မိုင်းရှာနေတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF တပ်ဖွဲ့က မိုင်း ၁၆ လုံးဆွဲ  တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရသွားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ခွင့်ချိန်က ပြောပါတယ်။

ဒါ့အပြင် ညနေ ၅ နာရီကျော်လောက်ကလည်း ထန်းငယ်တောရွာ အရှေ့ဘက်က ချောင်းခွလမ်းခွဲမှာ စစ်ကောင်စီယာဥ်တန်းကို မြိုင် PDF က ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ ကားတိမ်းမှောက်သွားပြီး စစ်ကောင်စီတပ်သား ၇ ယောက်လောက်သေဆုံးကာ အများအပြား ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားက ပြန်လည်ပစ်ခတ်ပေမဲ့  မြိုင် PDF ရဲဘော်တွေ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထန်းငယ်တောရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တစ်ယောက်က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ထပ် ကား ၄၁ စီး၊အင်အားအပြည့်နဲ့ မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်ထိုးလာကြောင်း သတင်းကြိုရထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အိမ်စီးကားတွေကို အသုံးပြုပြီးတော့ အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြိုင်မြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာ တွေ မလုပ်ကြဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း မြိုင် PDF Page မက်ဆင်ဂျာကနေ ဆက်သွယ်ပြီးမှာ သွားလာကြဖို့ သတိပေးထားပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up