ရုရှား ဦးဆောင်သည့်တပ်များ ဝင်လာပြီးနောက် ကာဇက်စတန် တည်ငြိမ်နေပြီဟု သမ္မတပြော

ဆိုဗီယက်ယူနီယံအောက်က လွတ်လပ်ရေးရပြီး နှစ် ၃၀ အကြာမှာ တနိုင်ငံလုံး ဆန္ဒပြ ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့တဲ့ ကာဇက်စတန်နိုင်ငံဟာ ရုရှားဦးဆောင်တဲ့ ၅ နိုင်ငံ စစ်ရေးမဟာမိတ်အဖွဲ့ (CSTO) တပ်တွေရဲ့ စောင့်ကြပ်မှုအောက်မှာ တည်ငြိမ်နေပြီလို့ သမ္မတရုံးက ကြေညာပါတယ်။
အဲဒီဗဟိုအာရှနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဆန္ဒပြသူတွေက သမ္မတရုံးကို မီးရှို့ခဲ့ပြီးနောက် ယာယီသမ္မတ တိုကာယက်ဗ်က ပစ်မိန့်ပေးခဲ့ပါတယ်။
ရုရှား ဦးဆောင်တဲ့ ငါးနိုင်ငံမဟာမိတ်တပ်တွေကိုလည်း ပြည်တွင်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေ ရာချီအသတ်ခံရပြီး ၅၈၀၀ ကျော် အဖမ်းခံရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ကာဇက်စတန် အယ်လ်မာတီ နိုင်ငံတကာလေဆိပ်မှာ ရုရှားလေထီးတပ်သားတွေ ဆင်းသက်လာတာနဲ့ သံချပ်ကာကားတွေ ဝင်ရောက်လာတာကို ဗွီဒီယိုဖိုင်တွေ ဖြန့်ချိခဲ့ပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့ထွက်တဲ့ ကာဇက်စတန်မှာ ဒီနှစ်အစောပိုင်း အစိုးရက လောင်စာဆီ ဈေးမြှင့်တင်မှုကြောင့် လူထုက ဒေါသထွက်ခဲ့တာပါ။ နောက်အကြောင်းရင်းတခုကတော့ နှစ်ပေါင်း ၃၀ ကြာ အာဏာကို ချုပ်ကိုင်ထားပြီး၊ လက်ရှိအစိုးရကို နောက်ကွယ်က အမိန့်ပေးနေတယ်လို့ ယူဆရတဲ့ သမ္မတဟောင်း နာဆူလ်တန် နာဇာဘယက်ဗ်ကို ကန့်ကွတ်ကြတာပါ။
ဇန်နဝါရီ ၆ ရက်က မြို့တော် နာဆူလ်တန်မှာ ထားရှိတဲ့ သူ့ရုပ်တုကို ဆန္ဒပြသူတွေ ဖြိုလှဲချခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ရုရှားတွေဟာ တခြားနိုင်ငံတခုတည်း ဝင်ပြီးရင် တော်တော်နဲ့ မထွက်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။