ပါမောက္ခ ရှောင်တာနယ်လ်ကို ပြန်လွှတ်ပေးရန် မြန်မာစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်ဟွန်ဆန် တောင်းဆို

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းတရားစွဲခံနေရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
သြစတြေးလျအစိုးရကိုယ်စား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်က မြန်မာခရီစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရိစ်ဖိန်းက ၀န်ကြီးချုပ်ဟွန်ဆန်ထံ စာရေးတောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ သြစတြေးလျပါမောက္ခ ရှောင်တာနယ်လ်ကို ဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို သတင်းစကား ပေးပို့ထားပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးသံတမန် ပရတ်ဆိုခွန်က ပြောပါတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို အပြုသဘောနဲ့ လက်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားရဲ့တရားဝင်မီဒီယာ Agence Kampuchea Press ရဲ့ သီးခြားထုတ်ပြန်ချက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပါမောက္ခ ရှောင်တာနယ်လ်အမှုကို တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ကြောင်းနဲ့ ဒါပေမဲ့လည်း တရားရုံးလုပ်ငန်းစဉ်တွေ အပြီးသတ်ပြီးတာနဲ့ အပြုသဘောဆောင်တဲ့ အကြောင်းပြန်ကြားချက် ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်မြင့်အကြံပေး သြစတြေးလျပါမောက္ခနဲ့ စီးပွားရေးပညာရှင် မစ္စတာတာနယ်လ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ၄ ရက်အကြာမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးဥပဒေ ဖောက်ဖျက်မှု၊ အရေးကြီး ဘဏ္ဍာရေးအချက်အလက်တွေနဲ့အတူ မြန်မာနိုင်ငံမှ ထွက်ခွာဖို့ကြိုးစားမှုကြောင့် တရားဝင် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတာပါ။
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အငြင်းပွားဖွယ် နှစ်ရက်ကြာ နေပြည်တော်ခရီးစဉ်ဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူ့ရဲ့ ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ ပထမဆုံး နိုင်ငံခြားခေါင်းဆောင်တစ်ဦးရဲ့ ခရီးစဉ် ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဟွန်ဆန်ဟာ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်လုပ်ဆောင်ပြီးတော့ စစ်အုပ်စုကို တရားဝင်အောင် လုပ်ဆောင်နေတာလို့ စွပ်စွဲထားတာပါ။
ဒါပေမဲ့လည်း စေ့စပ်ညှိနှိုင်းမှုများအပေါ် အကောင်းမြင်ကြောင်းနဲ့ အခုအချိန်အထိ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တဲ့ အကျပ်အတည်းအတွက် အဖြေကို ရှာတွေ့နိုင်တယ်လို့ မစ္စတာ ပရက်ဆိုခွန်းက ပြောကြားခဲ့ပါတယ်။
မြန်မာ့ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုကနေ ရရှိခဲ့တာက အပြုသဘောဆောင်တဲ့ ရလဒ်ဖြစ်ပြီး အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် ရှေ့တစ်လှမ်းတိုးခြင်း ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆန့်ကျင်သူတွေဟာ စစ်ပွဲကို မျက်နှာသာပေးသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် မလုပ်ဆောင်ချင်သူတွေလို့လည်း ပြောဆိုသွားပါတယ်။