close

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးပြန်တက်ခွင့်ပြုရန် ကမ္ဘာဒီးယားကြိုးပမ်းနေ

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို တစ်ဖန်ပြန်လည်တက်ရောက်ခွင့်ပြုဖို့ ကြိုးပမ်းနေတယ်လို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းဟာ "ဒေသတွင်း တည်ငြိမ်ရေး၊ အာဆီယံရဲ့ပုံရိပ်၊ ယုံကြည်စိတ်ချရမှု၊ စည်းလုံးညီညွတ်မှုအတွက် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့လည်ပြောကြားခဲ့ပါတယ်။ 

စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က စီစဉ်တဲ့ ဇန်နဝါရီ ၃ ရက်က  ဟောပြောပွဲတခုမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လုံခြုံရေး အကျပ်အတည်းက ပိုနက်ရှိုင်းလာပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ဖို့အတွက် အကြောင်းအချက်အားလုံး လက်တကမ်းမှာ ရှိနေပြီလို့ ခံစားရကြောင်းလည်း ဆိုခွန်းက ပြောပါတယ်။

အခုက မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီး ရှိနေတာကတဖက်၊ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုလို့ခေါ်တဲ့ ပြည်သူတွေနဲ့ နိုင်ငံတဝန်းက ပြောက်ကျားလှုပ်ရှားမှုတွေကတဖက်ရှိနေတယ်လို့ ဆိုပါတယ်။ 

အခုလာမယ့် ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဝန်ကြီးဆိုခွန်းက ပယ်ချခဲ့ပြီး နိုင်ငံတော်ရဲ့အဆောတလျင် အာရုံစိုက်မှုဟာ မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးလမ်းပြမြေပုံနဲ့ ပြီးခဲ့တဲ့နှစ်က အာဆီယံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အချက် ၅ ချက် သဘောတူညီမှုကို အာရုံစိုက်ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီခရီးစဉ်ဟာ သက်ဆိုင်သူအားလုံးအကြား အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေးယုံကြည်မှုတွေအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ တိုးတက်မှုအတွက် လမ်းခင်းဖို့ ရည်ရွယ်တာဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက တိုးတက်မှု အရိပ်အယောင် မရှိသလောက်ပါပဲလို့ ဆိုပါတယ်။ 

မနှစ်က ဘရူနိုင်း အာဆီယံအထူးကိုယ်စားလှယ်ကို ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို စစ်အုပ်စုက ငြင်းဆိုခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံကို အာဆီယံ အထူးကိုယ်စားလှယ် လာရောက်မယ့်ခရီးစဉ် နှောင့်နှေးနေရတာပါ။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်အုပ်စုက ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ အတုံ့အပြန်အနေနဲ့ အာဆီယံကလည်း မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ကို အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်ခဲ့ပါတယ်။

PhotoCredit-Prak Sokhonn FaceBook

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up