close

စစ်ကောင်စီတပ် အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်နေ၍ မြိုင်ပြည်သူ ၄၀၀၀ ကျော် တိမ်းရှောင်

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုမြို့နယ်ထဲက ကျေးရွာတွေက ဒေသခံပြည်သူ ၄၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဘေးလွတ်ရာ တောထဲတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြိုင်မြို့နယ် ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဆောင်းရာသီကာလဖြစ်တာကြောင့် အနွေးထည်တွေ၊ စောင်တွေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မနေ့ကလည်း စစ်ကောင်စီတပ်တွေကို မြိုင် PDF က မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ယောက်သေဆုံးပြီး အများအပြားဒဏ်ရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က ညပိုင်းကတည်းက ပခုက္ကူကနေ မြိုင်ဘက်ကို ကား ၄၁ စီးနဲ့ အင်အားသုံးပြီး ထိုးစစ်ဆင်ကာ တစ်မြို့နယ်လုံးကို တပ်သားအင်အား ၄၀၀ လောက် တပ်ဖြန့်ထားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ တပ်စွဲတာကတော့ ပျူစောထီတွေအားကောင်းတဲ့ ရွာမှာ ညအိပ်တပ်စွဲထားတယ်ဗျ။ လောလောဆယ်တော့ ရမ်းသမ်းပြီးတော့ မွှေနှောက်တာတွေမလုပ်သေးဘူး။ ပြည်သူတွေအနေနဲ့ တော့ အထူးသတိထားနေထိုင်ကြရမယ်။” 

စစ်ကောင်စီတပ်ဘက်က အိမ်စီးကားတွေကို အသုံးပြုပြီး အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြိုင်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း မြိုင် PDF Page မက်ဆင်ဂျာကနေ ဆက်သွယ်ပြီးမှ သွားလာကြဖို့ ထပ်ဆင့်သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up