close

လွိုင်ကော်စစ်ရှောင်များ ပြောင်းရွှေ့လာသဖြင့် တောင်ကြီး၌ အိမ်ငှားခ သုံးဆခန့်မြင့်တက်

တိုက်ပွဲကြောင့် ကယားပြည်နယ် လွိုင်ကော်ကနေ စစ်ရှောင်အများအပြား ပြောင်းရွှေ့လာတာကြောင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ အိမ်ငှားရမ်းခဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ PDF တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင် အများအပြား ဇန်နဝါရီ ၆ ရက်က တောင်ကြီးကို အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြတာပါ။

တောင်ကြီး-ကက္ကူ-လွိုင်ကော်လမ်းတစ်လျောက် နေထိုင်တဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ တောင်ကြီးမြို့ကို လွိုင်ကော်ဘက်ကနေ ကားအစီးရေ ၂၀၀ လောက်တက်လာတယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရာထိုင်ခင်း လိုအပ်ချက်တွေကြောင့် တောင်ကြီးမြို့မှာ အိမ်ငှားရမ်းရင် ပုံမှန်နှုန်းထားတွေအတိုင်း ငှားရမ်းလို့မရတော့ပဲ လက်ရှိငှားရမ်းခတွေထက် သုံးဆလေးဆ တိုးသွားပြီး ၆ လစာချုပ်ချုပ်ရမယ်လို့ အိမ်ပိုင်ရှင်တွေက ပြောကြောင်း စစ်ဘေးရှောင်တွေကို အိမ်ငှားရာမှာ လိုက်လံကူညီနေတဲ့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့ခံအမည်မဖော်လိုသူတစ်ဦးက “ရပ်ကွက်အလိုက် အိမ်ငှားခတွေခတော့ကွာတယ်။ အနောက်မြို့ပတ်လမ်းဘက်မှာဆိုရင် ပုံမှန်တစ်လကို ၈၀,၀၀၀ လောက်ပဲရှိတယ်။ မနေ့က ငှားတော့လည်း ၈၀,၀၀၀ ပဲ၊ ဒီကနေ့ကျတော့ ၁၈၀,၀၀၀ ဖြစ်တဲ့အိမ်ကဖြစ်၊ ၃၀၀,၀၀၀ ဖြစ်တဲ့အိမ်ကဖြစ်နဲ့၊ သုံးလဆိုရင်ပဲ ၉၀၀,၀၀၀ ဖြစ်နေပြီ။ ပြည်သူတွေအချင်းချင်းပဲ ဒီအချိန်မှာတော့ ကူညီသင့်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်ကြီးမြို့မှာ အိမ်ငှားခတွေ ရုတ်ချည်းဈေးတက်သွားပေမဲ့ လူငယ်အချို့နဲ့ ပရဟိတအသင်းတချို့မှာ ပါဝင်လှုပ်ရှားနေသူတွေကတော့ စစ်ဘေးရှောင်ပြည်သူတွေကို နေရာထိုင်ခင်းတွေ ကူညီစီစဥ်ပေးနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF တပ်တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၁ သိန်းခွဲလောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up