close

မြဝတီမြို့တောင်ဘက် ဖလူးလေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်ဘေးရှောင်များ ထပ်မံထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးလေးရွာဘက်မှာ ဇန်နဝါရီ ၁၁ ရက် မနက်အစောပိုင်း ၄ နာရီလောက်ကတည်းက ကြိုးကြားကြိုးကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ညနေ ၅ နာရီလောက်မှာ ပစ်ခတ်သံတွေ ရပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလူးလေးရွာမှာ ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လေးကေ့ကော်မြို့သစ် အမြောက်ကုန်းကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့တွက် ယာယီစစ်ဘေးရှောင်တွေနေရတဲ့ ဒေသခံပြည်သူတွေ   ထပ်မံရွေ့ပြောင်းတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက "ကျနော်တိုအဖွဲ့ ဒီမနက်  သွားလှူတော့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ကမ်းနဖူးမှာ ယာယီတဲထိုးပြီးနေတဲ့ စစ်ရှောင်တွေ ထပ်ပြီး ထွက်ပြေးနေရတယ်။ ဘာမှယူချိန် မရဘူး။ ဘေးလွတ်ရာထွက်ပြေးကုန်ပြီ။ လှူမယ့် ပစ္စည်းတွေ  အဆင်ပြေတဲ့နေရာမှာ လှူခဲ့ရတယ်"လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၆ ရက်က တပ်မဟာ‌ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသကို  စစ်ကောင်စီက တပ်ရင်း ၃ ရင်းပူးပေါင်းကာ လူအင်အား ၄၀၀ နီးပါးကို လက်နက်ခဲယမ်းဖြည့်တင်းပြီး ဖလူးကြီးကျေးရွာဘက်ကို ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ  ကော့ကရိတ်မြို့ အရှေ့မြောက်တောက် ကောင်းမှုရွာအနီးမှာလည်း နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့  KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူ ထောင်ချီ သောင်ရင်းမြစ်ကမ်းစပ်နဲ့ ထိုင်ဘက်ခြမ်းတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပြင် လေယာဉ်တွေသုံး ပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးနေသလို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေလည်း စစ်တပ်က ခိုးယူနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်က တပ်သားတချို့လည်း အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံဘက် မဲ့ကော့ကင်းရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ လက်နက်ကြီးတလုံး ပြန်ပစ်ခတ်ခဲ့ပါတယ်။

ဒီနေ့တော့ ထိုင်းစစ်တပ်က သံချပ်ကာ ကားအပါအဝင် လုံခြုံရေးယာဥ် ၃ စီးနဲ့ ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးလှည့်လည်နေတာ တွေ့ခဲ့ရတယ်လို့ စစ်ရှောင်တွေဆီ သွားရောက်ကူညီလှူဒါန်းပေးနေသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up