close

ကရင်အမျိုးသားနေ့နှင့်ကောက်သစ်စားပွဲ မြဝတီမြို့တွင် ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်မှာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက ကရင်အမျိုးသား နှစ်သစ်ကူးနဲ့ ကရင်ရိုးရာကောက်သစ်စားပွဲကို  မြဝတီအခြေစိုက် ကရင်စာပေယဉ်ကျေးမှုအဖွဲ့ ဦးဆောင် ကျင်းပနေကြပါတယ်။

ပျော်ပွဲရွှင်ပွဲ နဲ့ ယဉ်ကျေးမှုဒုံးယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ဒီပွဲကို ပြည်သူ ၁၀၀၀ ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မြဝတီမြို့နယ် ကရင်စာပေယဉ်ကျေးမှုအဖွဲ့ဉက္ကဋ္ဌ မန်းစောကြည်ဝင်းက “ကောက်သစ်စားပွဲ လုပ်ခြင်းအားဖြင့် ကျနော်တို့ ကရင်လူမျိုးနဲ့အတူ နိုင်ငံမှာ မှီတင်းနေထိုင်သူ အေးချမ်းသာယာဝ ပြောပြီး အကျိုးခံစားခွင့်ရမယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတဲ့  စစ်ကောင်စီဘက်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘက်ကတော့ ကရင်အမျိုးသားနှစ်သစ်ကူးနဲ့ ကရင်ရိုးရာ ကောက်သစ်စားပွဲကို  တက်ရောက်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မန်းစောကြည်ဝင်းက “လက်ရှိအခြေအနေကတော့ မြဝတီတောင်ပိုင်းမှာ စစ်ရေးအခြေအနေ ပစ်ခတ်မှုရှိပါတယ်။ ကျနော်တို့ ကရင်တိုင်းရင်းသားတွေအနေနဲ့ကတော့ အားလုံးကို ငြိမ်းချမ်းစေချင်တယ်။ တရားမျှတမှုကို ဖြစ်စေချင်တယ်၊ ကိုယ်ပိုင်အခွင့်အရေးရရှိမှု ကျနော်တို့ လိုလားတောင့်တပါတယ်။ တယောက်နဲ့တယောက် ချစ်ခင် စည်းလုံးညီညွတ်ဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။ ကျနော်တို့ အရမ်းစိုးရိမ်တယ်၊ အဓိက ခံစားရမှာ‌တော့ ပြည်သူလူထုပဲ။ အခုစစ်ဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ရှောင်နေရတယ်၊ တခြားတိုင်းတပါးကိုလည်း ထွက်ပြေးတိမ်းရှောင်ရတယ်။ ပြည်တွင်းမှာလည်း စစ်ရှောင်နေရတယ်။ ကျနော်တို့ကတော့ ပဋိပက္ခကို မဖြစ်စေချင်ဘူး။ ပဋိပက္ခမဖြစ်အောင် အကောင်းဆုံးက နိုင်ငံရေးစနစ်နဲ့ ဆွေးနွေးဖို့လိုတယ်။ တရားမျှတမှုရှိဖို့လိုတယ်၊ တရားမျှတမှုရှိရင်တော့ ဒီကိစ္စက ဖြစ်လာစရာ အကြောင်းမရှိပါဘူး။”

လက်ရှိမှာတော့ ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကြား နေစဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူ ၁၄၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up