close

တရုတ်အစိုးရက စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ဒေါ်လာ ၂ သိန်းလှူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းလိုက်တယ်လို့ တရုတ်သံရုံးနဲ့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇန်နဝါရီ ၁၂ ရက် မနက်က နေပြည်တော် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို  တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အလှူငွေပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအလှူငွေတွေဟာ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ဖို့နဲ့ တရုတ်- မြန်မာ နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးအတွက် ရည်ရွယ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အမေရိကန်ဒေါ်လာ ၂ သိန်းပေးအပ်ခဲ့ပါတယ်။ 

ဒါ့အပြင် မကြာသေးခင်ကလည်း စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကိုလည်း ဒေါ်လာ ၃ သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို အစဉ်တစိုက်ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ငွေပေးအပ်တာ ၆ ကြိမ်ရှိသွားပြီလို့ တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ အလှူငွေတွေဟာ နယ်စစ်ဒေသနေ ပြည်သူတွေဆီ အမှန်တကယ် ရောက်မယ် မရောက်ဘူး မသိရသလို စစ်ကောင်စီအနေနဲ့လည်း အလှူငွေတွေကို ဘယ်မှာ အသုံးပြုတယ်ဆိုတဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်တာလည်းမရှိပါဘူး။

Photo Credit- Chinese Embassy

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up