မန်စီးတီး ဝင်ငွေမြင့်တက်လာပြီး မြို့ခံပြိုင်ဘက်မန်ယူကို ပထမဆုံးအကြိမ်ကျော်တက်

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းမှာ မန်စီးတီးရဲ့ဝင်ငွေ မြင့်တက်လာခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ယူကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့မှုနဲ့အတူ ရုပ်သံတွေ ဆီက ရရှိငွေ ၁၇ ရာခိုင်နှုန်းတိုးတက်လာခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်က စတင်ခဲ့တဲ့ နှစ်စဉ်ငွေစာရင်းရှင်းတမ်းအရ မန်စီးတီးရဲ့ဝင်ငွေဟာ ပေါင် ၂၉၇ သန်းရှိခဲ့ပြီး စပွန်ဆာစီးပွားရေးစာချုပ်တွေကနေလည်း ပေါင် ၂၇၁ သန်းရရှိခဲ့ပါတယ်။
ပြင်ပက ဘဏ္ဍာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Brand Finance ရဲ့ သုတေသနပြုချက်အရ မန်စီးတီးအသင်းရဲ့ အမှတ်တံဆိပ်ဟာ ဥရောပမှာစတုတ္ထမြောက် တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ကိုဗစ်ရောဂါက ကျနော်တို့ရဲ့ဝင်ငွေတိုးတက်မှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။ အသင်းက တီထွင်ဖန်တီးမှုတွေ၊ ဖွံ့ဖြိုးတိုးတက်တဲ့ အိုင်ဒီယာအသစ်တွေနဲ့အတူ ဆက်လက်ကြီးထွားလာနေတယ်” လို့ အသင်းအမှုဆောင်အရာရှိချုပ် ဖယ်ရန်ဆိုရာရီနိုက ပြောပါတယ်။
မန်စီးတီးရဲ့ တန်ဖိုးဟာ ပေါင် သန်း ၉၃၀ ရှိလာပြီး မန်ယူအသင်းထက်သာလွန်ခဲ့သလို ဝင်ငွေရရှိမှုမှာလည်း မြို့ခံပြိုင်ဘက်ကို ပထမဆုံးအကြိမ် ကျော်တက်နိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာကဖော်ပြသွားပါတယ်။