လုံခြုံရေးဆိုင်ရာလိုလားချက် ရုရှားက နေတိုးအဖွဲ့ကို ချပြ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ (NATO) ဌာနချုပ်၊ အဖွဲ့ဝင်နိုင်ငံ ၃၀ ရဲ့ ဇန်နဝါရီ ၁၂ ရက် အစည်းအဝေးမှာ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ‘အလက်ဇန်းဒါး ဂရုရှကို’ တက်ရောက်ပြီး ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ လိုလားချက်တွေကို ချပြခဲ့ပါတယ်။
နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ‘ယန်း စတိုတန်ဘတ်ဂ်’ က ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို လက်ခံကြိုဆိုခဲ့ပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ က ဝန်ကြီးတွေ၊ သံအမတ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
စစ်အေးခေတ်အပြီး နှစ် ၃၀ အတွင်း အရှေ့နဲ့အနောက်ကြား အဆိုးဆုံး တင်းမာမှုဖြစ်နေတဲ့ အခြေအနေကို လျော့ချဖို့ နှစ်ဖက်စလုံးက ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အမေရိကန်က ရုရှားဟာ ယူကရိန်းထဲ ကျူးကျော်ဝင်ရောက်ဖို့ ပြင်နေတယ်လို့ စွပ်စွဲထားပြီး ရှရှားက နေတိုးမဟာမိတ်တပ်တွေ ယူကရိန်းနိုင်ငံထဲ ထားရှိမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပါ။
အထူးသဖြင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဖို့ ရုရှားက တောင်းဆိုပါတယ်။
အခုဆွေးနွေးပွဲက ဇန်နဝါရီ ၁၀ ရက် ဂျီနီဗာမြို့မှာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှုပါ။
ရုရှားရဲ့တောင်းဆိုမှုတွေနဲ့ နေတိုးအဖွဲ့ရဲ့ ရပ်တည်ချက်အကြား ကြီးမားတဲ့ ကွဲဟချက်တွေ ရှိနေဆဲပါပဲ။